အခင်ဆုံးသူငယ်ချင်းတွေအနေနဲ့ သူတို့သူငယ်ချင်းစုံတွဲကြားဝင်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို အရင်ကြည့်ပြီးမှ ဝင်ဖို့ကြိုးစားသင့်ပါတယ်။ 

၁။ ပြဿနာဇစ်မြစ်သိပါစေ

သူများသမီးရည်းစားကြားထဲ ဝင်ပါရတယ်ဆိုကတည်းက တဝက်ကတော့ သူများပြဿနာ ကိုယ့်ပြဿနာအဖြစ်ခံကြရတာပါပဲ။ အဲဒီတော့ ကိုယ့်ရှုးကိုယ်မပတ်ရလေအောင် ကိုယ်ဖြေရှင်းပေးရမယ့် ပြဿနာဇစ်မြစ်ကို သိဖို့လိုအပ်ပါတယ်။ ကိုယ်တစ်ယောက်ထဲ ဖြေရှင်းနိုင်လား၊ အများနဲ့ ပူးပေါင်းဖြေရှင်းရမှာလား၊ ရုံးရောက်ဂါတ်ရောက်တဲ့အထိ အန္တရာယ်ကြီးနိုင်လားဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ပြီးမှ ဖြေရှင်းပေးလိုက်ပါ။ ချစ်သူရည်းစားနှစ်ဦးထဲ တက်တဲ့ ပြဿနာလား၊ အခြားအပြင် ပယောဂတစ်ခုခု ပါလားဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။ ပြဿနာအမျိုးအစားကို သိမှ ကိုယ်အတွက်လည်း သူများကို ကူညီရာရောက်တာမို့လို့ အရင်ဆုံး ပြဿနာဇတ်မြစ်သိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ရန်ကုန်မြို့က မိန်းကလေး၁ဝဝ ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းလောက်ကတော့ သူများပြဿနာကိုဖြေရှင်းပေးနေရတဲ့ အချစ်ရှေ့နေမလေးတွေလုပ်ခဲ့ဖူးပါတယ်တဲ့။

၂။ အချိန်အခါကိုက်ဖြေရှင်းလိုက်ပါ

ပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ ပြဿနာကတော့ မဖြစ်မနေဖြေရှင်းရမှာ အသေအချာပဲဖြစ်ပါတယ်။ အဲဒီတော့ ပြဿနာကို ဘယ်အချိန်ဖြေရှင်းမှာလဲ။ ချစ်သူရည်းစားနှစ်ဦးစလုံးရဲ့ ပြဿနာအခြေအနေက ဘယ်လောက်အထိရှိလဲ။ ပြတ်ဆဲနိုင်ခြေရှိလား။ သာမာန် စကားလုံးလေးနဲ့ ဖြေရှင်းလိုက်ရင် ပြီးမှာလား။ လူကြီးမိဘတွေနဲ့ ဖြေရှင်းမှာလား။ ပြဿနာက မဖြေရှင်းပဲနဲ့ ပြီးသွားနိုင်တဲ့ ပြဿနာမျိုးလား။ တကယ်လို့ အခုချက်ချင်းဖြေရှင်းနိုင်ဖို့ လိုအပ်ရင်တော့ ချက်ချင်းဖြေရှင်းပေးပြီး နောက်မှ ဖြေရှင်းလို့ရနိုင်တဲ့ အေးဆေးတဲ့ ပြဿနာမျိုးဆိုရင်တော့ နောက်မှ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်လိုက်ပါ။ အခြေအနေ အချိန်အခါကို သိတတ်ပါစေ။

၃။ ကိုယ်နဲ့ဘယ်လောက်ရင်းနှီးမှုရှိပါသလဲ

ကိုယ်က ပြဿနာကူညီရှင်းပေးရမယ်ဆိုရင်တော့ ကိုယ်နဲ့ ပြဿနာရှင် ချစ်သူစုံတွဲဟာ ဘယ်လောက်ရင်းနှီးမှုရှိနေပါသလဲ။ ငယ်သူငယ်ချင်းစုံတွဲလား၊ ဒါမှမဟုတ် အလုပ်ရောက်မှ အသက်ကြီးမှ သိရှိခဲ့တဲ့ မိတ်ဆွေတွေလားဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းရဲ့ သမီးရည်းစားပြဿနာကို ဖြေရှင်းမယ်ဆိုရင်တောင် အခက်အခဲတွေအများကြီးပါ။အဲဒီတော့ ကိုယ်က ဘယ်လောက်တောင် တော်နေပါစေ။ ဆရာမကြီးဖြစ်နေပါစေ။ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့အတွက် ခင်မင်ရင်းနှီးမှု အတိုင်းအတာ ဘယ်လောက်အထိ ရှိတယ်ဆိုတာကိုတော့ သတိထားလိုက်ပါ။

၄။ ကိုယ့်ရဲ့ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည် ဘယ်လောက်ရှိပါသလဲ

ကိုယ်က အချစ်ရှေ့နေမလေး လုပ်တော့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည် ဘယ်လောက်များများရှိတယ် ဆိုတာကလည်း အရမ်းကို အရေးကြီးပါတယ်။ကိုယ်က ပြဿနာ ဘယ်လောက်များများကို ကိုယ်တွယ်ဖြေရှင်းခဲ့ဖူးလဲ။ အပျော်ပဲလား။ ပေါ်ပင်လား။ ပြဿနာတွေကို တကယ်နက်နက်နဲနဲဖြေရှင်းနိုင်လား။ကိုယ့်ရဲ့အရည်အချင်းပေါ်မူတည်ပြီး ဖြေရှင်းရမှာဖြစ်တဲ့အတွက် ကိုယ်တိုင် ကျွမ်းကျင်စွာ ဖြေရှင်းနိုင်ဖို့က အဓိကပါ။ တကယ်လို့ ကိုယ်က သေချာ မဖြေရှင်းနိုင်ပဲ ဖြေရှင်းမိတဲ့အခါကျတော့မှ ကူရာမရောက်ပဲ အနှောင့်အယှက်ပေးရာ ရောက်နေမှာ အသေအချာမို့လို့ပဲဖြစ်ပါတယ်။

၅။ ဘယ်လိုလူမျိုးကို အကူအညီတောင်းသင့်လဲ

သင်ဖြေရှင်းရမယ့် ပြဿနာအတွက် အကူအညီတောင်းဖို့လိုအပ်တယ်ဆိုရင်တော့ အကူအညီခံပုဂ္ဂိုလ်လိုအပ်နေပြီထင်ပါတယ်။ အဲဒီအချိန်မှာ အကူအညီတောင်းရမယ့် ပုဂ္ဂိုလ်က ဘယ်လိုလူမျိုးလဲဆိုတာ သင်ခွဲခြားသိမြင်ဖို့လိုအပ်ပါတယ်။ မိဘဆွေမျိုးထဲက ဩဇာအာဏာရှိသူလား၊ ညီအစ်ကိုမောင်နှမလား၊ဆွေမျိုးမကင်းလား။ အပြင်လူလားဆိုတာကို သိဖို့လိုအပ်ပါတယ်။ တကယ်လို့ ပြဿနာက သေးတယ်ဆိုရင်တော့ သူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့တင် ဖြေရှင်းလို့ ရနေပါပြီ။ တကယ်လို့ ပြဿနာက ခြေချော်၊လက်ချော်ဖြစ်တဲ့အထိ ခြေပါလက်ပါဖြစ်တဲ့အထိဖြစ်လာပြီဆိုရင်တော့ သက်ဆိုင်ရာရပ်ကွက်လူကြီး ဒါမှမဟုတ် ရဲစခန်းအထိ သွားရောက်ဖြေရှင်းဖို့လိုနေရင် ဖြေရှင်းရပါလိမ့်မယ်။ ဘယ်လိုအချိန်မှာ ဘယ်လိုမျိုး အကူအညီတောင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သေချာသိဖို့လိုအပ်ပါတယ်။

၆။ စိတ်အေးအေးထားဖြေရှင်းပါ

အဓိကကတော့ အချစ်ပြဿနာမှ မဟုတ်ပါဘူး။ ဘယ်လိုမျိုး ပြဿနာမျိုးမှာမဆို သေသေချာချာစိတ်အေးအေးထား၊ ခေါင်းအေးအေးထားပြီး ဖြေရှင်းမှ ပြေလည်တာပါ။ ရည်းစားဆိုကတည်းက ချစ်ခဲ့ကြလို့ ရည်းစား၊ ချစ်သူတွေဖြစ်ခဲ့ကြတာပါပဲ။ အဲဒီတော့ ကိုယ်ကလည်း တတိယလူအနေနဲ့ ဘယ်လိုအဆင်ပြေအောင် ပြုလုပ်ပေးရမယ်ဆိုတာကို စိတ်အေးအေးထားစဉ်းစားပေးလိုက်ပါ။ တကယ်လို့ တိုင်ပင်ဖို့အတွက် လိုအပ်လာခဲ့ပြီဆိုရင်လည်း ကိုယ့်ထက်သိတဲ့ သူ၊ တတ်တဲ့သူ၊ ဝါရင့်တတ်သူတွေနဲ့ တိုင်ပင်ပါ။ ဆွေးနွေးလိုက်ပါ။ 

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။