ဖလမ်းမြို့နယ်၊ လိုင်ဇိုးရွာသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက လိုင်ဇိုးရွာ ခန်းမရှေ့၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖွင့်ပွဲကို လိုင်ဇိုး နှစ်ခြင်းခရစ်ယာန် အသင်းတော် သိက္ခာတော်ရ ဆရာတော် ခင်ဘွဲ့မန်းက သမ္မာကျမ်းစာ ဖတ်ကြားပြီး ဆုတောင်းပေးခဲ့ပါတယ်။ ထို့နောက် အဆိုပါကျေးရွာကို လိုင်ဇိုးအုပ်စု အုပ်ချုပ်ရေးမှူး ဦးလဲမန်းနှင့် ဒေါ်ဟရန်ကိမ်မင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ဦးဇာထန်းက လိုင်ဇိုး ရွာသစ် အမှတ်တရ ကျောက်တိုင်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ယင်းနောက် ဒေသခံပြည်သူများက ချင်းရိုးရာ လိုင်ဇိုးအကဖြင့် ကပြဖျော်ဖြေပြီးနောက် လိုင်ဇိုးရွာ ခန်းမ ဆောင်၌ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် ဝတ်ပြု ဆုတောင်းခြင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါတယ်။ လိုင်ဇိုးရွာသည် ၂၀၁၅ ခုနှစ်၊ ကိုမန်မုန်တိုင်းကြောင့် မြေအက်ကွဲခြင်း၊ ကျွံကျခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လမ်းညွှန်မှုဖြင့် ၂၀၁၆ ခုနှစ်၊ နွေရာသီတွင် လက်ရှိရွာသစ် တလန်ဗါး နေရာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လိုင်ဇိုးကျေးရွာသည် အိမ်ခြေ(၆၄)၊ လူဦးရေ(၂၇၈) နေထိုင်သော တောင်ယာ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည့် ကျေးရွာဖြစ်ကြောင်းသိရပါတယ်။ ကျေးရွာဖွင့်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ လိုင်ဇိုးသူ/သားများ၊ ဒေသခံပြည် သူ များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြကြောင်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။