ပေါက်တောစျေးတွင် အမျိုးသမီး ၁ ဦး အဆိပ်သောက်သတ်သေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦး အဆိပ်သောက်ပြီး ကိုယ်ကိုယ့်ကိုယ် သတ်သေမှု တခုဖြစ်ပွားခဲ့တယ်လို့ ပေါက်တောမြို့မ ရဲစခန်းတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မနက်ပိုင်းက တန်းလွဲချောင်းကျေးရွာ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတဦးဟာ ပေါက်တောမြို့စျေးထဲမှာ အဝတ်အထည်တွေ ဝယ်နေအချိန်လဲသွားလို့ ဘေးပတ်ဝန်းကျင်ကလူတွေ ရောက်လာပြီး ပေါက်တောမြို့ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တာပါ။

ဆေးရုံကနေ အဆိုပါအမျိုးသမီးကို အချိန်မီကုသခဲ့ပေမယ့်သောက်ထားတဲ့ ဆေးအရှိန်က အရမ်းပြင်းထန်တဲ့အတွက် ညနေ ၆ နာရီ အချိန်မှာ သေဆုံးသွားတယ်လို့ ပေါက်တောမြို့မရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မိန်းကလေးကပေါက်တောမြို့ကို စျေးဝယ်ဖို့ လာတာပါ။ စျေးနားမှာ ခေါင်းမူးပြီးတော့ လဲကျသွားတယ်။ အဲဒီနားက လူတွေကဘာဖြစ်မှန်းမသိလို့ ဆေးရုံပို့တယ်။ အချိန်မမီလိုက်တော့ဘူး။ ညနေ ၆ နာရီ မှာ ဆုံးသွားပါတယ်။ ကလိုရိုကွိန်းဆေးပြားအလုံးရေ ၃၀ ကျော် သောက်ထားတယ်လို့ သိရတယ်။”

စားဝတ်နေရေးအဆင်မပြေလို့ အခုလိုစိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အထိ ဖြစ်သွားတာလို့ သူက ဆက်လက်ပြောပါတယ်။

“မိန်းကလေးက စက်ချုပ်တယ်။ မိသားစုစားဝတ်နေရေး အဆင်မပြေဘူးလို့ ပြောတယ်ဗျ။ ၅ နှစ် သမီးတယောက်လည်း ရှိတယ်။ သူ့ယောကျာ်းနဲ့ ကွဲနေတာလည်း ၃ နှစ်လောက် ရှိပြီလို့ပြောတယ်။ နောက်ပြီးတော့ မိန်းကလေးက ကျန်းမာရေးသိပ်မကောင်းဘူးလို့ ကြားပါတယ်။”

မအေးခင်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ပေါက်တောမြို့မရဲစခန်းက သေမှုသေခင်း စစ်ဆေး ဆက်လက်ဆောင်ရွက်နေပါတယ်။

Credit - DVB TV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။