မော်တော်ယာဉ်ခါးပတ် မပတ်လျှင် ဇန်နဝါရီလမှစ ဒဏ်ရိုက်ပြီ။

နှစ်သစ်ဇန်နဝါရီလမှ စတင်၍ မော်တော်ယာဉ်မောင်းနှင့် လိုက််ပါစီးနင်းသူများ ထိုင်ခုံခါးပတ် မပတ်ပါက မော်တော်ယာဉ် ဥပဒေဖြင့် ငွေဒဏ်ရိုက်၍ အရေးယူမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးထံမှ သိရသည်။

ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှု လျော့နည်းစေရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလမှ ဒီဇင်ဘာလကုန်အထိ ပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်နေပြီး ဇန်နဝါရီလမှ စတင်၍ အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒုရဲမှူးအဆင့်ရှိ ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်းရော နောက်ကလူတွေရော ပတ်ဖို့ လိုတယ်။ မော်တော်ယာဉ် ဥပဒေက မော်တော်ယာဉ် အားလုံးပဲ သက်ရောက်တယ်။ ဘတ်စ်ကားတွေက မြို့ထဲမှာ ၃၂ ကီလိုပဲသွားခွင့်ရှိတဲ့ အတွက်ကြောင့် နောက်ကလိုက်တဲ့သူက ပတ်စရာ မလိုဘူး၊ ယာဉ်မောင်းပဲ ပတ်ရမယ်” ဟု ၎င်းက ဆိုသည်။

အဝေးပြေးယာဉ်လိုင်းများ အတွက်မူ ယာဉ်မောင်းနှင့် ခရီးသည်များအားလုံး ခါးပတ်ပတ်ရမည် ဖြစ်သည်။

“တစ်ခုခုဖြစ်ရင် ခါးပတ်က လူကို ထိန်းထားတဲ့အတွက် ခါးပတ်က ထိုင်ခုံနဲ့ ဆွဲကပ်ထားသလို ဖြစ်တဲ့အတွက် မထိခိုက်ဘူး” ဟု လမ်းမတော်မြို့နယ်မှ ယာဉ်မောင်းတစ်ဦး ဖြစ်သူ ကိုအောင်ဆန်းက ပြောဆိုသည်။

ခါးပတ်မပတ်ပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၄(င) တားမြစ်ချက်ကို ကျူးလွန်သဖြင့် ဒဏ်ငွေသုံးသောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲများထံမှ သိရှိရသည်။

၂၀၁၅ ခုနှစ်တွင် မော်တော်ယာဉ် တိုက်မှုကြောင့် သေဆုံးသူ နှစ်ထောင်ကျော် ရှိခဲ့ပြီး အများဆုံးမှာ ထိုင်ခုံခါးပတ် မပတ်ထားသဖြင့် သေဆုံးခဲ့ကြကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

Credit-The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။