ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာ အကျိုးရှိပါတယ်။ အချို့ဆိုလျှင် ကြက်သွန်နီထက် ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတာကြောင့် ပိုလို့တောင် စားသုံးကြပါတယ်။ အားလုံးပဲ ကျန်းမာရေး ဗဟုသုတများ တိုးပွားစေဖို့အတွက် ကြက်သွန်ဖြူကို ကျန်းမာရေးအတွက် အထောက်အကူဖြစ်အောင် စားသုံးနည်းများနဲ့ ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံများကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူမှ ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများမှာ -

- ကြက်သွန်ဖြူက သွေးကို သန့်စေတယ်။

- ပိုးမွှားများကို သေစေတယ်။

- အဖျားပိုးကိုလဲ လွယ်ကူစွာကျစေတယ်။

- ချွေးစေးများ ထွက်ခြင်းကို အားပေးတယ်။

- ဆီးနှင့် ဝမ်းကို ရွှင်စေတယ်။

- ကာမ အားကောင်းစေရန် အထောက်အပံ့ပေးတယ်။

- မျက်စိ အားကောင်းခြင်းကိုလည်း လွန်စွာ အကျိုးပြုတယ်။

- ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းသက်သာစေပါတယ်။

ဒါ့အပြင် ကြက်သွန်ဖြူနဲ့ ဆေးမြီးတို ကုသနိုင်ဖို့ နည်းလမ်းများကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) နာတာရှည် ချောင်းဆိုရောဂါများအတွက် ကြက်သွန်ဖြူကို အရည်ပြုတ်၍ သောက်သုံးပါ။ သိသာထင်ရှားစွာ ရောဂါသက်သာပါလိမ့်မယ်။

(၂) လေနှင့် ပတ်သက်သော ရောဂါများအတွက် ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါ။ လေရောဂါ၊ နာတာရှည်ရောဂါမှ ပျောက်ကင်းပါလိမ့်မယ်။

(၃) ကလေးလေဆန်နာ ရောဂါများကိုလည်း ကြက်သွန်ဖြူတစ်လုံးကို မီးဖုတ်၍ ကျွေးပါ။ သက်သာ ပျောက်ကင်းပါလိမ့်မယ်။

(၄) ကြက်ညှာချောင်းဆိုးပါက ကြက်သွန်ဖြူကို ထုထောင်း၍ နှမ်းဆီနှင့် ကျေအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖဝါးကို ၎င်းအတိုင်း ကြက်သွန်ဖြူထောင်း၍ နှမ်းဆီနှင့်နယ်ပြီး ပတ်တီးစည်းထားပြီး နံနက်မိုးလင်းရင် ခွာပါ။ သို့မဟုတ် ကြက်သွန်ဖြူကို အရည်နှစ်ပြီး ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တိုက်ပေးပါ။

(၅) လည်ပင်းကြီးရောဂါသည်အနေဖြင့် ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တစ်နေ့ သုံးကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင် လိမ်းပေးပါ။ သက်သာ ပျောက်ကင်းပါလိမ့်မယ်။

(၆) ခေါင်းကိုက်ဝေဒနာများအတွက် ကြက်သွန်ဖြူကို ဆားနှင့်ရောပြီး သောက်ပါ။ ကြက်သွန်ဖြူကို ကြိတ်ပြီး နားထင်တွင် လိမ်းပေးပါ။

(၇) ကလေးများ ချောင်းဆိုးရောဂါဖြစ်သောအခါ ကြက်သွန်ဖြူကို အပ်နှင့်ထိုး၍ ပြာကျအောင်မီးဖုတ်ပြီး ပြာကို အမှုန့်ပြုလုပ်၍ ကလေးများကို တိုက်ကျွေးပါ။ သက်သာပျောက်ကင်းပါလိမ့်မယ်။

(၈) ပွေး၊ ဝဲ၊ ယားနာများအတွက် ကြက်သွန်ဖြူတစ်လုံးကို ဖင်မှလှီးပြီး ထွက်လာသောအစေးကို အနာအား မကြာခဏ ပွတ်ပေးပါ။ လျှင်မြန်စွာ သက်သာပါလိမ့်မယ်။

(၉) အဆုတ်ရောဂါ ဝေဒနာများအတွက် ကြက်သွန်ဖြူတစ်လုံး တစ်နေ့တစ်ကြိမ် အရည်ညှစ်တိုက်ပါ။ စားပါ။ ကြက်သွန်ဖြူကို ကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘတ်ကို လိမ်းပေးပြီး အဝတ်နှင့် ရင်ဘတ်ကို ပတ်ထားပါ။

(၁၀) အကြောအခြင်ကိုက်ခဲပါက ကြက်သွန်ဖြူကို အရည်ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း သက်သာစေ ပါတယ်။

(၁၁) နားပြည်ယိုခြင်းကို နှမ်းဆီ ငါးကျပ်သား၊ ကြက်သွန်ဖြူ အနည်းငယ်၊ လေးညှင်းနှစ်ပွင့်ခန့် တို့အား ထည့်ပြုတ်၍ နားအတွင် ပူနွေးနွေးလေး ထည့်ပေးပါ။ နားပြည်ယို၊ နားကိုက်၊ နားထိုင်း ပျောက်ကင်းစေပါတယ်။

(၁၂) ရာသီမြုံ၍ အခက်တွေ့နေပါက ကြက်သွန်ဖြူ၊ စမုံနက်၊ ဆား၊ မန်ကျည်းသီးမှည့်၊ ထန်းလျက်ငါးကျပ်သား၊ မိဿလင် သုံးကျပ်သားတို့အား ပေါင်းစပ်၍ ကြိတ်ပါ။ ဆီးသီးသုံးလုံးခန့် တစ်နေ့ သုံးကြိမ်ခန့် စားပါ။

ဒါ့ကြောင့် ကြက်သွန်ဖြူကို အကျိုးရှိစွာ စားသုံးပါက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး အကျိုးပြုကြောင်း ဖော်ပြလိုက်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေရှင်။

ကိုးကား - မြန်မာ့ရိုးရာ ဆေးမြီးတို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။