လက်ရှိပြည်တွင်း လက်မှုပညာတွေထဲက ထင်ရှားဆဲဖြစ်နေတဲ့ ကျော်ကဆစ်လုပ်ငန်းကို ပြည်တွင်းရှိနေရာအနှံ့အပြားတွင် ပြုလုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ မန္တလေး မဟာမြတ်မုနိဘုရားအနီး ကျောက်ဆစ်တန်း နှင့် မန္တလေးတိုင်း မြို့နယ်အချို့တွင်လည်းအဆိုပါလုပ်ငန်းကို လုပ်ကိုင်ရာနေကြတာတွေ့ရပါတယ်။ ၎င်းလုပ်ငန်း၏အဓိကဖြစ်တဲ့ ကျောက်စက်တိုက်ခြင်း၊ ကော်ပတ်စားခြင်း နှင့် စက်အသုံးပြု ထွင်းထု ခြင်းများလုပ်ကိုင်ရာတွင် ကျောက်အမှုန် အမွှားများစွာထွက်ပေါ်ပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သော်လည်း နှာခေါင်းစည်း အကာအကွယ်တပ်ဆင်၍ လုပ်ကိုင်ခြင်းမရှိကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။ 

“ ဟိုးတုန်းကလည်းမအုပ်ဘူး။ ခုလည်းမအုပ်ဘူး။ မအုပ်ဘူး ဆိုတာက အသက်ရှုကျပ်လို့ပေါ့ဗျာ။ တိုးရစ်တွေက ကျောက်ဆစ်တာကို လာကြည့်ရင် မက်စ်တွေပေးသွားကြတယ်။ ကျန်းမာရေးအတွက် အကာအကွယ်မတပ်ရင် အန္တရာယ်ရှိတယ် ဆိုပြီး စကားပြန်ကတစ်ဆင့် ရှင်းပြကြတယ်။ ဒါပေမယ့်မတပ်ကြပါဘူး။ အုပ်ပြီးအလုပ်မလုပ်တတ်တော့ဘူး။ ကျောက်အမှုန် အမွှားတွေ ခန္တာကိုယ်ထဲဝင်ရင် ကျန်းမာရေးအန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကတော့ များသောအားဖြင့် သိကြတာပါပဲ။ ဒါပေမယ့် ရှေးရှေးကဆရာတွေလည်း ရောဂါရယ်လို့ ဖြစ်ခဲ့ကြဘူးဗျ။ အစဉ်အလာအရတော့ ဒီလုပ်ငန်းကြောင့် ရောဂါဖြစ်ခဲ့တယ်လို့ မကြားဘူး။ အကာအကွယ်ပေးနိုင်တယ်ဆိုတာကိုတော့ သဘောပေါက်ပါတယ်။ အလုပ်လုပ်ရင်း ကွမ်းစားတဲ့သူများတယ်။ အဲဒါကြီး တပ်ထားရင် သဒွေးထွေးနေရတာ အလုပ်ရှုပ်တာလည်း ပါမှာပေါ့ ” ဟူ၍ လုပ်ငန်းခွင်အတွင်းမှ ကျောက်ဆစ်ပညာရှင် ကိုကျော်မိုးက ပြောပြခဲ့ပါတယ်။ 

မဟာမြတ်မုနိဘုရားအနီး ၈၄လမ်း၊အကွက်(၅၀၆)ကျောက်ဆစ် တန်းအပါအဝင် ချမ်းမြသာစည်မြို့နယ်၊ ပြည် ကြီးတံခွန်မြို့နယ် ဧရိယာထဲတွင် ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သည့် ဆိုင်ပေါင်း (၁၀၀)ကျော်ရှိနေပြီး လုပ်သားနှင့် ပညာရှင် အင်အားရာချီ၍ နေ့စဉ်လုပ်ငန်း ခွင်ဝင်နေကြကြောင်း လုပ်ငန်းရှင်များထံမှ သိရပါတယ်။ စူး၊စောက်၊တံစဉ်းအသုံးပြုသည့် လက်မှုထုဆစ်သည့်အလေ့ အထမှ အလုပ်တွင်ပြီး စက်အပိုပစ္စည်းဝယ်ယူ အ သုံးပြုရလွယ်သည့် ကျောက်စက်တိုက်ကိရိယာနှင့်စိန်တံတပ်ဂန်းစက်များ အသုံးပြုမှုသို့ ပြောင်းလဲ လာသော ကျောက်ဆစ် (ပန်းတမော့) လုပ်ငန်းမှာ မန္တလေးမြို့၏ဂုဏ်ဆောင် အောင်မြင်မှုရနေသော လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အတွက် နှာခေါင်းစည်းအကာအကွယ် တပ်ဆင်ရန် လိုအပ်မှုများရှိနေကြောင်း ဒေသခံများထံမှလည်း ကြားသိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။