ထိုင်းနိုင်ငံ ဘန်ကောက် ရာ့ချ်ထေဝီနယ်မြေထဲမှာ မြန်မာနိုင်ငံသားတဦး အသတ်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက် ရာ့ချ်ထေဝီနယ်မြေထဲမှာ မြန်မာနိုင်ငံသားတဦး အသတ်ခံရတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းက ရာ့ချ်ထေဝီနယ်မြေ မဂ္ဂဇန်ရပ်ကွက် ရာချ်ပရရူတ်လမ်းက အငှားအိမ်ခန်းတခုမှာ လူသေမှုဖြစ်ပွား ကြောင်း သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာမှာ တတိယထပ် အခန်းနံပတ် ၃၆ တွင်း လည်ပင်းမှာ ပြတ်ရှဒဏ်ရာနဲ့ သွေးအိုင်ထဲ ဘေးတိုက်လဲကျနေသူတဦးကို တွေ့ခဲ့ရတယ်လို့ ဖယားထိုင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် ချားနွန်း ကျောက်ဆုမ်က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၂၂ နှစ်ရွယ်ရှိ ကျော်ကျော်မြင့် ဆိုသူ မြန်မာနိုင်ငံသားတဦးဖြစ်ပြီး မော်တော်ကားသန့်စင်ရေးလုပ်ငန်းတခုမှာ အလုပ်လုပ်နေကြောင်း၊ ဒီအခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ရောက်ရှိလာတာလို့ ဆိုပါတယ်။

သေဆုံးသူရဲ့ အသိမိတ်ဆွေပြောပြချက်အရ သူ့ရဲ့အခန်းကို မြန်မာသူငယ်ချင်းတဦးက ပုံမှန်လာ ရောက်လည်ပတ်ပြီး တနေ့မှာ စကားများပြီးအသက်ကို ခြိမ်းခြောက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲစခန်းကတော့ ဘယ်သူ့ကိုမှ စွပ်စွဲဖမ်းဆီးတာတွေ မလုပ်သေးဘဲ သေဆုံးရတဲ့အကြောင်းရင်းကို ရှာဖွေပြီး အနီးနားရှိ စီစီကင်မရာတွေ ပြန်လည်စစ်ဆေးကြည့်ရှုပြီးမှ မျက်မြင်သက်သေနဲ့ သံသယရှိသူတွေ ခေါ်ယူစစ်ဆေးမယ်လို့ ဒုရဲအုပ် ချားနွန်းက ပြောသွားပါတယ်။

ခေါဝ်ဆွတ်ထိုင်းသတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။