မိုးကုတ်မြို့ သဒွတ်သျှိုကျေးရွာအုပ်စု ကျောင်ဆောင်ကျေးရွာအနီးရှိ ရတနာ ရှင်ကျောက်မျက်ကုမ္ပဏီ၏ ကျောက်မျက်လုပ်ကွက်(၅.၃) တွင် ၂၀၁၆ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျောက်တွင်းပြိုကျမှုဖြစ်ပွားကာ ကျင်းသား (၆) ဦး သေးဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် (၆) ရက်အကြာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့် က ပြောင်ပြင်ကျေးရွာအုပ်စု ကိုးလံကျေးရွာအနီး မိုးကုတ်ပရိုက်(ဒ်) ကျောက်မျက်ရတနာ ကုမ္ပဏီ ၏ ကျောက်ပုတ်(၁) ကျောက်မျက်တူးဖော်ရေး လုပ်ကွက် တွင် ကျောက်တွင်း ဓါတ်လှေကား မတော်တဆမှု ထပ်မံဖြစ်ပွားကာ လူ(၆) ဦး ထပ်မံသေဆုံးခဲ့ ရကြောင်း သိရသည်။

ကျောက်တွင်း ဓါတ်လှေကား မတော်တဆမှု ဖြစ်စဉ်မှာ မိုးကုတ်မြို့ ပြောင်းပြင်ကျေးရွာအုပ်စု ကိုးလံကျေးရွာ အနီးရှိ မိုးကုတ်ပရိုက်(ဒ်) ကျောက်မျက်ရတနာ ကုမ္ပဏီပိုင် ကျောက်ပုတ် (၁) ကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က နေ့ဆိုင်း ကျောက်တွင်းလုပ်ငန်းလုပ်ကိုင်ရန်အတွက် အနက်ပေ (၃၀၀) ခန့်ရှိ ကျောက်တွင်းသို့ ဓာတ်လှေကား(၀င့်)အား အတင်အကျပြုလုပ်စဉ် ဓာတ်လှေကား ချိတ်ထိန်းခလုတ် ပြုတ်ထွက်ပြီး ဓာတ်လှေကားအတွင်း စီးနင်းလိုက်ပါသည့် ငဖဲမြို့နယ်မှ ၀င်းဝင်းထွန်း၊ တင်ကိုဝင်း၊ ရန်နိုင်အောင်၊ စိုးသီဟနှင့် မင်းလှမြို့နယ်မှ ကျော်ရဲအောင်၊ ဒီမော့ဆိုမြို့နယ်မှ ဂျော်ကင်းဆိုသူ ကျင်းသား (၆) ဦးမှာ ဓာတ်လှေကားအတွင်းမှ အနက်ပေ (၃၀၀) ခန့်ရှိ ကျင်းထဲသို့ ပြိုကျကာ နဖူးကွဲ၊ ဝှေးစေ့ကွဲ၊ ဦးခေါင်းနောက်စေ့ပေါ့က်ပြဲ၊ ခါးကျိုး၊ ပေါင်ကျိုး၊ ဒူးပြတ် ပြင်းထန်ဒဏ်ရာများ ရရှိကာအခင်းဖြစ်ပွားရာ နေရာတွင် ပွဲခြင်းပြီး သေးဆုံးခဲ့ကြရကြောင်း သိရသည်။

မိုးကုတ်ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်းများ၏ ကျောက်မျက် လုပ်ကွက်များ တွင် ကျောက်တွင်း ပြိုကျမှုများ၊ လုပ်ငန်းခွင် မတော်တဆမှုကြောင့် ကျောက်တွင်းလုပ်သားများ သေးဆုံးခဲ့ရမှုများနှင့် ပတ်သက်၍ မိုးကုတ်ဒေသခံတစ်ဦးကလည်း “ရတနာ၊ ရတနာ၊ လူတွေ အသည်းစွဲတဲ့ရတနာ၊ တန်းဖိုထားတဲ့ ရတနာဆိုတော့ လောဘတွေ နဲ့တူးကြဖော်ကြတာပေါ့၊ ဒီနှစ်က လုပ်ကွက်ဟောင်း သက်တမ်းကုန်ရင် လုပ်ကွက်သစ် ချထားဖို့က သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အလေးထား စိစစ်ပြီးမှ ချထားမယ် လို့ကြားနေရတယ်၊ လုပ်ကွက်ရဖို့ မလွယ်တော့မယ့် သဘော၊ ရရင်လည်းအရင်လို ပရမ်းပတာမဟုတ်ပဲ စိစစ်သေချာစွာ လုပ်ကိုင်ကြရမှာဆိုတော့ လုပ်ငန်းရှင်တွေက လက်ရှိလုပ်ကွက်တွင်းထဲ မှာရှိတဲ့ ပြုန်းကျန်နေရာတွေကို အသည်းအသန်လုပ် လုပ်နေကြတယ်၊ လုပ်ငန်းရှင်တွေ အတွက်ကလည်း ကျောက်ရဖို့က နံပါတ်(၁) ပဲ၊ ကျန်တာနောက်ထားဆိုတော့ တကူထောက်တွေဖြို လက်ကျန် အားလုံးနှိုက်တော့ ပြိုပြီပေါ့၊ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း အလုပ်ခွင်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာန အနေနဲ့ကလည်း အလွန်အမင်းကို ကြီးကြပ် စစ်ဆေးမှုတွေ အားနည်းပါတယ်၊ ဒီတော့ မရှိဆင်းရဲသား လခစားပဲ လုပ်ကြရတဲ့ တွင်းသားတွေဘဝကတော့ မြေစာ ပင်ဖြစ်ပြီး သေကြရ တာပေါ့၊ ပွင်းလင်းရာသီစမှာတောင် (၁၂) ယောက်သေပြီးပြီ၊ နောက်ထပ် ဒီလိုမဖြစ်အောင်ပဲ ဆုတောင်းမိပါတယ်” ဟု သူ၏ အမြင်အားပြောပြခဲ့သည်။

အဆိုပါ ကျောက်တွင်းဓာတ်လှေကား မတော်တဆမှု၊ ကျင်းသား (၆) ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ မိုးကုတ်မြို့ ကျပ်ပြင်နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နေဝါ(မိုးကုတ်-ပြန်/ဆက်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။