စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၅ခုတွင် မေလ၉ရက်နေ့ညနေပိုင်းက နာရီဝက်ကျော်ကြာတိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် လူနေအိမ် ၁၀၀၀ ကျော် လေဘေးဒဏ်ခံစားခဲ့ရကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်း ကနီ၊ တန့်ဆည်၊ ရွှေဘို၊ ဒီပဲယင်း၊ မင်းကင်း၊ ကလေး၊ ဖောင်းပြင်၊ ကလေးဝ၊ ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ ဘုတလင်၊ ကသာ၊ ဗန်းမောက်၊ တမူး စတဲ့မြို့နယ်တွေမှာ မိုးသက်လေပြင်းဒဏ် ခံစားခဲ့ရပြီး အချို့နေရာတွေမှာ မိုးသီးကြွေကျတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။  

အဆိုပါ မိုးသက်လေပြင်းကြောင့် လူနေအိမ် ၁၁၃၀ ကျော် အမိုးလန် ပျက်စီးခဲ့ပြီး အိမ်၂၅ လုံးလောက် ပြိုကျပျက်စီးခဲ့ကာ သစ်ပင်လဲပြိုတာ၊ သစ်ကိုင်းကျိုးကျတာ၊ လျှပ်စစ်မီးတိုင် ကျိုးကျပြီး ဓာတ်အားပြတ်တောက်တာတွေလည်း ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ လက်ရှိမှာ လေဘေးဒဏ်သင့်ပြည်သူတွေကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငွေကျပ်သိန်းပေါင်း ၂၇၅ သိန်းကျော် ထောက်ပံ့ထားပြီး ကျန်နေသေးတဲ့ မြို့နယ်တွေကိုလည်း အမြန်ဆုံးထောက်ပံ့နိုင်အောင် လုပ်ဆောင်နေကြောင်း သိရပါတယ်။  

လေဘေးသင့်ကျေးရွာတွေကိုတော့ တိုင်းအစိုးရ တာဝန်ရှိသူတွေ သွားရောက် ကူညီကယ်ဆယ် ထောက်ပံ့ပေးတာတွေ လုပ်ဆောင်နေပေမယ့် ရေရှည်မှာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် အမြန်ဆုံး လုပ်ဆောင်သင့်ပြီလို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတဦးက ပြောပြခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဧပြီလကလည်း လေပြင်းတိုက်ခတ်မှု ၃၇ ကြိမ်ထိ ဖြစ်ပေါ်ခဲ့ပြီး ငွေကျပ်သိန်း ၈၀၀ ကျော် အစိုးရက ထောက်ပံ့ပေးခဲ့ပါတယ်။ အဆိုပါ သဘာဝဘေးအန္တရယ်ကြောင့် နေအိမ် အဆောက်အဦးပေါင်း ၁၈၉၁လောက် လေဘေးဒဏ်သင့်ခဲ့ပြီး ၇၂ အိမ်လုံးဝပျက်စီးကာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။