စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် တွင် နယ်စည်းမခြား ဆရာဝန်ဟု ပြောဆိုကာ ငွေကြေးလိမ်လည်သူ ဆရာဝန် အတုအယောင်ဆောင် အမူအကြောင်း သတင်းအပြည့်အစုံ

ဤအမှုအား ကြားသိပြီးကြပြီဖြစ်ပေမယ့် အများသိထားသင့်သောကြောင့် အပြည့်အစုံ ပြန်တင်ပေးအပ်ပါသည်

...............

အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်မျိုးသူဟု မိမိကိုယ်ကိုမိမိပြောဆိုကာ လိမ်လည်ဆေးကုသ သူ၊ ငွေလိမ်သူကို ပြည်သူ့ရဲတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖမ်းဆီးလိုက်ရခြင်းဖြစ်ပါသည်။

၎င်းသည် မိမိငယ်စဉ်က ဆင်းရဲသဖြင့် မိမိအထူးကုဆရာဝန်ကြီး ဖြစ်လာသောအခါ မိမိအားကူညီခဲ့သူများကို ပြန်လည်ကျေးဇူးဆပ်ချင်သဖြင့် အခမဲ့ ဆေးကုသမှုဆောင်ရွက်ပေးသော ဖောင်ဒေးရှင်းတစ်ခုထူထောင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ လုပ်ပေးနေကြောင်း ကျေးရွာသူရွာသားများကို ပြောပါသည်။

အမှန်လဲ ဆေးကုပေးသည့်အတွက် ရွာသူရွာသားများက ယုံကြပါသည်။ ကန်လည်ကြီး၊ နှောခုံ၊ ကျောက်ပြင်သာ ကျေးရွာများ မှသူရွာသားများစွာ ဆေးကုခံခဲ့ကြပါသည်။

ထို့နောက် ရွာသူရွာသား ၅၀ ကျော်ကို လူခွဲ၍ အကြိမ်ကြိမ် ရွှေဘိုသို့ ခေါ်သွားကာ ဆေးစစ်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။ သူကအခမဲ့ဆိုပေမယ့် ငွေမရှိသေးလို့ ဟုဆိုကာ တစ်ယောက် ၄သောင်းတောင်းခဲ့ပါသည်။ တစ်ကြိမ်တွင် ၁၂ဦးခန့်ထဲမှ ၇ ဦးကို ဘီပိုးရှိသည်ဟုဆိုကာ တစ်ဦး ၉သောင်းတောင်းပါသည်။ ဓာတ်ခွဲခန်းအဖြေအရ ဘီပိုး စီပိုးများ မတွေ့ရသူများ ဖြစ်ပါသည်။

လူနာတစ်ဦးထံမှ ဓာတ်ခွဲခန်းအဖြေအတွက် ၅သိန်း ခဏပေးရန်တောင်းခဲ့ရာ လူနာကလည်း မိမိလေးစားသူဖြစ်သောကြောင့် ပေးခဲ့ပါသည်။ ထို့နောက် လာပေးမည် ဘယ်အချိန် ဘာညာချိန်းကာ ပေါ်မလာပါ။

ဓာတ်ခွဲခန်း နောက်ဆုံးအကြိမ်ဆေးစစ်ခ ၅သိန်းပေးချေရန်ရှိကာ ၁သိန်းသာပေးပြီး ကျန်ငွေကို လာပေးမည်ဆိုကာ ချိန်းတိုင်း ပေါ်မလာပါ။

၎င်းသည် စကားပြောကောင်းပြီး မိမိကိုယ်ကို အထူးကုဆရာဝန်ကြီးဟုလည်းကောင်း၊ သီတဂူနယ်လှည့်ဆေးကုအဖွဲ့မှဟုလည်းကောင်း၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့မှဟုလည်းကောင်း၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် ဆရာတပည့်ဟုလည်းကောင်း၊ ဝေဠုကျော်နှင့်ရေဘေးအတူတွဲလုပ်ခဲ့ပြီး ယခုထိ ဝေဠုကျော်က ၎င်းထံမှ အကြံဉာဏ်လှမ်းတောင်းဆဲဟုလည်းကောင်း ပြောနေသည်ကို သိရှိခဲ့ရပါသည်။

၎င်းဆေးကုရာတွင် ဆေးစာအုပ်၊ တံဆိပ်တုံးတို့မှာ အစစ်ကဲ့သို့ဖြစ်နေပြီး ဦးနှောက်အာရုံကြောအထူးကုဆရာဝန်ကြီးသဖွယ် ရေးထားသည်ကို တွေ့ရပါသည်။

သတင်းကို ရွှေဘိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကစပေးပြီး ကျွန်တော့ကျောင်းနေဘက်ညီမတစ်ယောက်ကလည်း တစ်ပြိုင်တည်း ပေးပါသည်။ ကျွန်တော့် ကျောင်းနေဘက်ညီမက ၎င်းဆေးစစ်ရာ ဓာတ်ခွဲခန်းပိုင်ရှင်ဖြစ်ပါသည်။

အခြေအနေကိုလေ့လာကြည့်ရာ မည်သို့မှ အစစ်မဖြစ်နိုင်ကြောင်းတွေ့ရှိရသဖြင့် ကောလင်းမြို့ရှိ အစ်ကိုတော်များထံ ကန်လည်ကြီးရွာသို့သွား၍ စုံစမ်းခိုင်းရာ ဆေးလာကုကြောင်း၊ မသင်္ကာလို့ ရဲစခန်းနှင့် ဆရာဝန်ကြီးထံအကြောင်းကြားစဉ် တိမ်းရှောင်သွားပြီး ပေါ်မလာတော့ကြောင်း၊ ကန်လည်ကြီးတစ်ရွာတည်းပင် ၁၂သိန်းကျော် ၁၃သိန်း ပါသွားကြောင်း၊ ရှက်လို့ မပြောကြကြောင်း သိရှိခဲ့ရပါသည်။

၅ရက်နေ့တွင် ခေါ်ယူမေးမြန်းနိုင်ရန်ကြိုးပမ်းရာ ၎င်းလာမည်ဟု ပြောထားသော ရွှေဘိုမြို့နယ်အတွင်းမှ ရွာတစ်ရွာသို့ ပြောထားသည့်အတိုင်း ရောက်မလာခဲ့ပါ။ အစအနပျောက်ပြီဟု ထင်လိုက်ပါသည်။

၆ရက်နေ့နံနက် ၁၀ နာရီခန့်တွင် ၎င်းသွားမည်ဟု ပြောထားသော နေရာတစ်ခုသို့ နေ့လည် ၁၂နာရီတွင်ရောက်မည်ဖြစ်ကြောင်းသတင်းရရှိသဖြင့် ကောလင်းပြည်သူ့ရဲတပ်ဖွဲ့၊ ကောလင်း စစစတို့ကို မြို့နယ်ချင်းချိတ်ဆက်စစ်ဆေးနိုင်အောင် အကူအညီတောင်းရာ အမှုဖွင့်ထားခြင်းမရှိ၍ အခက်အခဲဖြစ်ကြောင်း တွေ့ရှိရသဖြင့် အလိမ်ခံထားရသော ကျေးရွာမှ အုပ်ချုပ်ရေးမှူးက တရားလိုပြုအမှုဖွင့်ကာ ဖမ်းဆီးနိုင်ရေးကို ၂နာရီအတွင်း ဆောင်ရွက်ကြပါသည်။ နှစ်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်မျာနှှင့် စစစအဖွဲ့တို့၏ ဆောင်ရွက်မှုကောင်းသောကြောင့် ၎င်းအား ထိမ်းသိမ်းနိုင်ခဲ့ပါသည်။

ဆရာမဒေါ်အေဇင်လတ်ကို အကူအညီတောင်းပြီး ဆရာဝန်ဟုတ်မဟုတ်၊ ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးဟုတ်မဟုတ် စစ်ဆေးရာ ၁ဝတန်းထိသာ နေဖူးကြောင်း၊ သူနာပြုသင်တန်းတက်ဖူးကြောင်း၊ ဆေးဆိုင်မှာ အလုပ်လုပ်ဖူးကြောင်း သိခဲ့ရပါသည်။

၎င်းနှင့်အတူ သက်သေခံပစ္စည်းမျာအဖြစ် ဆရာဝန်ကဒ်၊ တံဆိပ်တုံးအတုများ၊ တက္ကသိုလ်ကထိက ရင်ထိုး စသည်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

မှားယွင်းဖမ်းဆီးမိပါက ကျွန်တော့တာဝန်ကျွန်တော်ယူရန် ဆုံးဖြတ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ရိုးသားသော ရွာသူရွာသားများစွာကို လိမ်လည်ခဲ့သည့်အတွက် စွန့်စားမှုယူကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ မနေ့က သတင်းအတိအကျထုတ်ပြန်ရန်မဖြစ်နိငြ်သေးသဖြင့် အချို့လူများ ထင်ယောင်ထင်မှားဖြစ်သွားသည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။ ယုံကြည်ပေးကြသူများကို ကျေးဇူးတင်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်သော်လည်း ပြည်သူကို ကိုယ်စားပြုရမည့်တာဝန်လည်း ရှိသည့်အတွက် မဲဆန္ဒရှင်များကို စောင့်ရှောက်ရမည့်တာဝန်ရှိသည်ဟု ယုံကြည်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

၎င်းကျူးလွန်ခဲ့သော နေါက်ထပ်အယောင်ဆောင်မှုများ ကြားသိရ၍ ပြည်သူ့ရဲသို့ သတင်းပေးထားပြီး ဖြစ်ပါသည်။

ရိုးသားသောပြည်သူများကို အလားတူလိမ်လည်မှုများ မကြုံရစေရန် ဤပို့စ်ကို အပြည့်အစုံတငိခြင်းဖြစ်ပါသည။ ပညာပေးမှုနှင့် တိုးတက်အောင်ကြိုးစားမှုများ ဆကိလက် ကြိုးစားလုပ်ဆောင်သွားပါမည်။

ယခုအချိန်တွင် ပဒူကျေးရွာမှ ၎င်းဆရာဝန်ကြီးဆိုသူအလာကို စောင့်မျှော်နေကြဆဲ ဖြစ်ပါသည်။

Crd Myo Zaw Aung (ကောလင်းမြို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။