ဘန်ကောက်တွင် မြန်မာအလုပ်သမားတဦး ကပ်ကြေးဖြင့်အထိုးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆိုဖာချုပ်စက်ရုံတခုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး ကပ်ကြေးနဲ့ အထိုးခံရပြီး ဒဏ်ရာပြင်းစွာရသွားပါတယ်။

ဘန်ကောက် ဖစ်ကဆိမ်လမ်း ပိုလီရှစ်ပ်ကုမ္ပဏီပိုင် ဆိုဖာချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေသူ စိုင်းကျော်ထွေး (အသက် – ၃၆ ) နှစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက် က စက်ရုံမှာ အလုပ်လုပ်နေစဉ် ကပ်ကြေးနဲ့အထိုးခံရပြီး ဒီနေ့ထိ အိုင်စီယူအရေးပေါ်ခန်းထဲမှာ ရှိနေဆဲဘဲလို့ ဆွေမျိုးဖြစ်သူ နန်းအေးဆွေက ပြောပါတယ်။

“စိုင်းကျော်ထွေးက နေ့တိုင်းအလုပ်ဆင်းပြီးရင် တခြားမှာအလုပ်လုပ်နေတဲ့ သူ့မိန်းမကို သွားကြိုနေ ကျ၊ အဲဒီနေ့က သူ့ကိုမိုးချုပ်တဲ့ထိစောင့်တာ လာမကြိုတော့ ဖုန်းဆက်တော့ နာ့စ်မတယောက်က လာကိုင်ပြီး ဒဏ်ရာရလို့ အလုပ်သမားတွေ ဆေးရုံမှာလာပို့သွားတယ်တဲ့။ ဆေးရုံသွားကြည့်တော့ သူက စကားမပြောနိုင်တော့ဘူး။ ကပ်ကြေးနဲ့ အထိုးခံရတာ အဆုတ်ကိုပါထိတယ်လို့ ဆေးရုံ ကပြောတယ်၊ ဘာကြောင့်ဖြစ်လဲ။ ဘယ်သူလုပ်သလဲဆိုတာမသိဘူး။ သူ့မိန်းမက တအားအေးပြီး ကြောက်လည်းကြောက်တတ်တော့ သူ့အလုပ်ရုံကိုလည်း သွားမမေးရဲဘူး။”

စိုင်းကျော်ထွေးကို ကနဦး ဆေးကုခ ဘတ်တစ်သိန်းကုန်ပြီး မြန်မာပြည်က မိဘဆီဆေးဖိုး လှမ်းမှာမှ အဖြစ်အပျက်သိရပြီး အလုပ်သမားကူညီရေးအဖွဲ့တွေဆီ ဆက်သွယ်အကူ အညီတောင်း ခဲ့ တယ်လို့ ဆိုပါတယ်။

ယမန်နေ့ကတော့ မဟာချိုင်အခြေစိုက် လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အဖွဲ့ဝင်တဦးနဲ့အတူ ဆမွတ်ပရကန်ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြောင်း၊ တာဝန်ကျရဲဝန်ထမ်းမှာ အခင်းဖြစ်ပွားတဲ့ နယ်မြေရဲစခန်းကို တယ်လီဖုန်းနဲ့ လှမ်းမေးရာမှာ လူတဦးအထိုးခံရတယ်ဆိုတာ ကြားပေမယ့် တိုင်ချက်ဖွင့့်သူမရှိလို့ အမှုလိုက်စစ်တာမရှိဘူးလို့ တဘက်ကဖြေဆိုကြောင်း၊ ဒါပေမယ့် သူတို့ရဲစခန်းက ဆက်လက်စုံစမ်းစစ်ဆေးအရေးယူပေးသွားမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

စိုင်းကျော်အေးရဲ့ဇနီီးကတော့ ကျူးလွန်သူကို အပစ်ပေးစေချင်သလို ဆေးဖိုးဝါးခ အကူအညီလည်း လိုချင်တယ်လို့ ပြောသွားပါတယ်။

DVB TV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။