သင်္ဘောသီးထောင်းလို့ ဆိုလိုက်တာနဲ့ နာမည်ကြီးလွန်းတာကတော့ ယိုးဒယားသင်္ဘောသီးထောင်း ပါပဲ။ ခံတွင်းတွေ့လွန်းပြီး အဆီမတက်၊ ဝိတ်မတက်တာမို့ စားသုံးသူများကလည်း ထုနဲ့ဒေး ပါပဲ။ အခုလို ရုံးပိတ်ရက်မျိုးမှာ စားသုံးဖို့အတွက် ယိုးဒယား သဘောၤသီးထောင်းပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ရာသီ အချိန်အခါ မရွေး စားသုံးလို့ရပြီး ခံတွင်းလဲတွေ့ ဝိတ်လဲမတက်စေမဲ့ ယိုးဒယား သင်္ဘောသီးထောင်း လုပ်နည်းကို တင်ဆက်ပေးလိုက်တယ်နော် ။ လွယ်ကူမြန်ဆန်ပြီး အရသာ ရှိလှတာမို့ စမ်းလုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ပါဝင်ပစ္စည်းများ

သင်္ဘောသီးစိမ်း - အနေတော် တလုံး

ပုဇွန်ခြောက် - အကောင် ၂၀ခန့်

မြေပဲလှော် - အစေ့၂၀ခန့်

ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ

ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ

ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ

ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ

ပဲတောင့်ရှည် - ၃တောင့် မရှိလို့မထည့်ထားပါ

ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး

သံပုရာသီး - တခြမ်း

ပြုလုပ်ပုံအဆင့်ဆင့်

- သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။

- ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။

- ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။

- မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။

- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။

- ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။

- ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။

- ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။

- ကျောက်ကျည်ပွေ့ဆိုပါက အနည်းငယ် ထောင်းရင်ရလုံလောက်ပါပြီ။

- သစ်သားကျည်ပွေ့ဆိုပါက များများထောင်းပေးမှ အရသာဝင်ပါတယ်။

- ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားနည်းနည်း ထည့်ပေးပါ။

- သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်အား ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။

- ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး ၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။

- စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း၊ ပုဇွန်ခြောက်လေး ဖြူးပေးပါ။

အခုဆိုရင်တော့ စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေးကို စားသုံးလို့ရပါပြီ။ အားလုံးပဲ အရသာရှိရှိ စားသုံးရင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။

သတင်းအရင်းအမြစ် - MyFood

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။