မိကိုယ်ကိုအဆုံးစီရင်ခဲ့သည့် ကရင်မိန်းကလေးအမှုမှန်ပေါ်ရေး ထိုင်းရှေ့နေများကောင်စီထံ တင်ပြ

ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင်မှာ ဌေးဌေးဦးလို့ခေါ်တဲ့ ကရင်မိန်းကလေးတဦး မိမိကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုတဲ့ ရဲတပ်ဖွဲ့မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး သံသယရှိတဲ့အတွက် အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကရင်လူမှုအသိုင်းအဝိုင်းတွေက ထိုင်းနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာရှေ့နေများကောင်စီအဖွဲ့ကို သွားရောက်တိုင်တန်းခဲ့ပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ယ် ပိုင်ကျုံရွာကနေ ထိုင်းနိုင်ငံမှာ အိမ်အကူအလုပ် လာလုပ်နေတဲ့ အသက် ၂၂ နှစ်ရွယ်ရှိ ဌေးဌေးဦးဟာ ပြီခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်က ဆမွတ်ပရကန်မြို့ ပတ်နမ့်ရပ်ကွက်ရှိ သူမနေထိုင်ရာ တိုက်ခန်းထဲမှာ မိမိကိုယ်ကို ဆွဲကြိုးချသေဆုံးခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့က ပြောဆိုပြီး သူမကို ဒီလ ၇ ရက်နေ့က ဘန်ကောက်ဘန်းခင်နယ်မြေ ဘုန်းကြီးကျောင်းတခုမှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ဒါပေမယ့် ဌေးဌေးဦးဟာ မိမိကိုယ်ကိုသေကြောင်းကြံတဲ့အကြောင်း ရဲတပ်ဖွဲ့ဘက်က လုံလောက်တဲ့ အထောက်အထားတွေ ပြသခြင်းမရှိသလို အသုဘအခမ်းအနားမှာလည်း အလောင်းကို ကြည့်ရှုခွင့်မပြုခဲ့ပါဘူး။

ဒါကြောင့် သေဆုံးမှုအပေါ် သံသယပွားပြီး အမှုမှန်ပေါ်ပေါက်ရေး ထိုင်းရှေ့နေအဖွဲ့ကို သွားရောက်တိုင်တန်းခဲ့တာလို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆပ်ကော်မတီ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသူ ခွန်ဆူရဖုန်း ကောင်းကျန်ထိုက်က ပြောပါတယ်။

“မနေ့က ဌေးဌေးဦးရဲ့ အမ ၂ ယောက်ရော၊ ကရင်အသိုင်းအဝိုင်းလူတွေပါ အားလုံး ၁၂ ယောက်၊ ကျနော်တို့ ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကောင်စီရုံးကိုသွားပြီး တိုင်တန်း ခဲ့တယ်။ သူတို့တောင်းဆိုတာ အချက် ၂ ချက်ရှိပါတယ်။ တစ်အချက်က ဌေးဌေးဦးဟာ သူ့ကိုယ်သူ အဆုံးစီရင်တယ်ဆိုတာကို သူတို့အသိုင်းအဝိုင်းက မယုံကြည်ဘူး။ ရဲဘက်က လုံလောက်တဲ့ သက်သေအထောက်အထား ထုတ်ပြန်စေချင်တယ်။ ပြီးတော့ အမှုမှာ တရားမျှတ မှုရှိရေးပေါ့။ နှစ်အချက်က သူ့ရဲ့ အသုဘမှာ ခေါင်းတလားကို ဖွင့်ခွင့်မပြုဘဲ ဒီတိုင်းသင်္ဂြိုဟ်လိုက်တယ်။ ရဲတွေက သူ့အမကို ခေါင်းတလားမဖွင့်ဖို့မှာထားတော့ သူ့အမလည်း မဖွင့်ရဲဘူး၊ ရဲတွေက သင်္ဂြိုဟ်လိုတော့ ဆိုလို့ သူလည်း စီစဉ်လိုက်တယ်။ ဒါပေမယ့် အသုဘလာတဲ့လူတွေက သူ့အမကို အထင်လွဲ သွားတယ်။ ရဲနဲ့အပေးအယူရှိလို့ မဖွင့်ပြတာလားဆိုပြီး သူ့အပေါ် ပြစ်တင်ဝေဖန်ကြတယ်။ ဒီပြစ်တင် ဝေဖန်မှုဟာ ဒီထိုင်းနိုင်ငံက အသိုင်းအဝိုင်းမှာရော၊ မြန်မာပြည်က ဆွေမျိုးအသိုင်းအဝိုင်းမှာလည်း ပျံ့နှံ့နေတဲ့အတွက် သူ့အမအနေနဲ့ ညီမတဦး ဆုံးရှုံးရတဲ့အပြင် ပြစ်တင်ဝေဖန်မှုတွေပါ ခံနေရလို့ အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။”

သူတို့တောင်းဆိုချက်တွေကို ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌ နခွန်းချူမ်းဖူးချတ်က လက်ခံရ ယူခဲ့ပြီး အမှုဆိုင်ရာ အချက်အလက်တွေကို ဒီကနေ့ စတင်ကောက်ယူစုံစမ်းနေပြီလို့ဆိုပါတယ်။

ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကောင်စီဟာ ဘာသာ၊ လူမျိုး၊ နိုင်ငံသားမခွဲခြားဘဲ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေအတွက် အခမဲ့ဆောင်ရွက်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ထိုင်းရှေ့နေများကောင်စီထံ တောင်းဆိုခဲ့သူတဦးဖြစ်တဲ့ စောသိန်းဆုခလိန်းလည်း သူတို့အနေနဲ့ ရဲစခန်းကနေ မှုခင်းမှတ်တမ်းနဲ့ စီစီကင်မရာတွေ သွားတောင်းယူခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ပြီးခဲ့တဲ့ ၁၀ ရက် နေ့က သွားရောက် တိုင်ကြား ခဲ့ပြီးဖြစ်ကြောင်း၊ သံရုံးကလည်း အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ တယ်လို့ ဆိုပါတယ်။

မှုခင်းမှတ်တမ်းမှာ ဌေးဌေးဦးရဲ့ မိမိကိုယ်အဆုံးစီရင်မှုနဲ့ ပတ်သက်တဲ့ သက်သေအေ ထာက်အထား ခိုင်လုံစွာမတွေ့ရဘဲ စီစီကင်မရာမှတ်တမ်းမှာလည်း သူမ မသေဆုံးခင် ဒီဇင်ဘာ ၂၈ ရက် နဲ့ ၂၉ ရက်နေ့က ဝင်ထွက်သွားလာနေပုံတွေသာ ရှိကြောင်း၊ ဒါပေမယ့် ရဲစခန်းကတော့ ဇန်နဝါရီ ၂၉ ရက်မှာ အားလုံးကို ပြောပြဖို့ ချိန်းဆိုထားတယ်လို့ စောသိန်းဆုခလိန်းက ပြောပါတယ်။

Credit - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။