မေလ (၂၅) ရက်နေ့မှာပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အုတ်တွင်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်ချိုချိုက သက်ငယ် မုဒိမ်းဖြစ်ပွားနေတာကို လျော့နည်း ပပျောက်အောင် ဆောင်ရွက်ဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပြီး မရမ်းကုန်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်က သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက် ပြင်းထန်ပြီး အမြန်ဆုံး အပြစ်ပေးနိုင်ရေးနဲ့ သက်ငယ်မုဒိမ်းမှု လျော့ကျရေး ဘယ်လို အစီအစဉ်တွေနဲ့ အရေးယူနေတာကို သိလိုတယ်လို့ မေးမြန်းခဲ့တာပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးက မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်တဲ့ တရားခံကို ထောင်ဒဏ် အနှစ် ၂၀ ထိဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် တရားခံက အရွယ်မရောက်သေးသူ ကလေးသူငယ်ကိုဖြစ်စေ၊ အရွယ်ရောက်ပြီးသူကို ဖြစ်စေ မုဒိမ်းပြုကျင့်ပြီး မုဒိမ်းပြုကျင့်ခံရသူကို သတ်ဖြတ်ခဲ့တယ်ဆိုရင်တော့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ) အရသေဒဏ်ကလွဲလို့ တခြားပြစ်ဒဏ်တွေ မချမှတ်နိုင်တော့တာကြောင့် သေဒဏ်ကိုပဲ မလွဲမသေ ချမှတ်မယ်လို့ ပြောပါတယ်။ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုများလာတာကို တွေ့ရလို့ အဲဒီအမှုတွေကို (ပြစ်ဒဏ်အမြင့်တွေ ချမှတ်နိုင်တဲ့) ခရိုင်တရားရုံးက လက်ခံစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။ဒါကြောင့် အရွယ်မရောက်သေးသူ ကလေးသူငယ်အပေါ် ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုတွေကို ဥပဒေအရ ခွင့်ပြုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ပြီး မုဒိမ်းမှုတွေ လျော့နည်း ပပျောက်စေဖို့ တရားရုံးက ဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ 

ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကလည်း သက်ငယ်မုဒိမ်းမှုတွေအပါအဝင် မုဒိမ်းမှုတွေ လျော့နည်းကျဆင်းရေးအတွက် ကြိုတင်ကာကွယ်ရေး အရေးယူမှုအနေနဲ့ ညစ်ညမ်းရုပ်ရှင်ပြသတာ၊ ရောင်းချတာတွေကို ဥပဒေနဲ့ အညီ ဝင်ရောက်ရှာဖွေဖမ်းဆီးတာ၊ လိုင်စင်မဲ့ အရက်ချက် လုပ်ရောင်းချသူ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူတွေ ဖော်ထုတ်အရေးယူတာ၊မိန်းကလေးငယ်တွေကို ကာအိန္ဒြေပျက်ပြားအောင် ထိခိုက်နှောင့်ယှက်သူတွေကို ဥပဒေအရ အရေးယူတာ၊ ခွင့်ပြုချက်မရှိတဲ့ လိင်ပိုင်းဆိုင်ရာဆေးဝါးတွေ ရောင်းချတာကို ဥပဒေနဲ့အညီ ဖော်ထုတ်ဖမ်းဆီး အရေးယူတာတွေကို လုပ်နေတယ်လို့လည်း ပြောပါတယ်။၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ဧပြီလအထိ သက်ငယ်မုဒိမ်းမှု စုစုပေါင်း ၁၉၀၀ ကျော် ဖြစ်ခဲ့ပြီး နှစ်အလိုက် ပိုတိုးလာတယ်လို့ သိရှိရပါတယ်။

Source - Hluttaw Channel 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။