အော်လူ့ဘဝဆိုတာ တကယ်တော့ တည်းခိုခန်းလိုပဲ ခေတ္တခဏ ၀င်ရောက်တည်းခိုကြတာပါ။အချိန်တန်ရင်သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။

ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်ထိ နေခွင့်ရဦးမလဲ...?

လူ့ဘဝသက်တမ်းကို ယေဘုယျ (၇၅) နှစ်ပဲ ထားလိုက်ပါတော့။ အသက်(၄၀) ရှိတဲ့လူတစ်ယောက်ဟာ တည်းခိုခန်းမှာ (၃၅) နှစ်ပဲနေထိုင်ခွင့်ရတော့မှာပါ။အသက်(၆၀) ရှိတဲ့သူကတော့ တည်းခိုခန်းမှာ (၁၅) နှစ်ပဲ နေခွင့်ရတော့မှာပါ။

လက်ကျန်အချိန်က နည်းနေပါပြီ။ကျန်တဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။

ဒီအချိန်မှာ သူတစ်ပါးကောင်းတာ မကောင်းတာ ဝေဖန်ရမယ့်အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်အရွယ် ဖြစ်နေပါပြီ။ဆိုလိုတာက သူတစ်ပါးကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဖို့က အဓိကပါ။

■■ ဒီတော့ ကျန်ရှိနေသေးတဲ့သက်တမ်းကို ဘယ်လိုနေမလဲ...?

ဒိမေးခွန်းကိုနေ့တိုင်းကိုယ့်ကိုယ်ကို မေးရမှာပါ။ဒါဆို လူတစ်ယောက်ရဲ့တန်ဖိုးကို ဘာနဲ့ဆုံးဖြတ်မလဲ ။ ရာထူးဌာနန္တရ , ငွေကြေးဥစ္စာ, ပညာ, အောင်မြင်ကျော်ကြားမှုနဲ့တိုင်းတာမလား ?

ဒါတွေနဲ့ တိုင်းတာလို့မရပါဘူး။ လူတစ်ယောက်ရဲ့တန်ဖိုးကို သီလ၊ သမာဓိ၊ပညာဆိုတဲ့ သိက္ခာ(၃)ပါးနဲ့ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာ(၃)ပါးနဲ့ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။

ရာထူးဌာနန္တရ , ငွေကြေးဥစ္စာ အောင်မြင်ကျော်ကြားမှု တွေတော့ရှိပါရဲ့။ဒါပေမယ့် သိက္ခာ(၃)ပါး မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို့ မဆိုနိုင်ပါဘူး။နှစ်ခု လုံးနဲ့ပြည့်စုံရင်တော့ အတိုင်းထက်အလွန်ပေါ့။

■■ဒါကိုထောက်ပြီး ဥစ္စာ ပညာ အောင်မြင်မှု မရှိပေမယ့် အားငယ်စရာမလိုပါဘူး။ကိုယ့်ရင်ထဲမှာ သိက္ခာ(၃)ပါး တည်နေရင် တန်ဖိုးရှိနေတာပါပဲ။ သိက္ခာ(၃)ပါး ရှိအောင်လုပ်လိုက်ရုံပါပဲ။မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့

ဘုရားခန်းထဲမှာ ငါးပါးသီလယူလိုက်ရင် သီလသိက္ခာ တည်သွားပါပြီ။

နောက် ဂုဏ်တော်(၅)မိနစ်၊ မေတ္တာ(၅)မိနစ်၊ပွားရင် သမာဓိသိက္ခာတည်သွားပြန်ပါပြီ။

နောက်ထပ် ၀ိပဿနာကို ငါးမိနစ်ပွားလိုက်ပါ။ဒါဆိုရင် ပညာသိက္ခာတည်သွားပါပြီ။သိက္ခာသုံးပါးရင်ထဲရောက်တာနဲ့ ကိုယ်ဟာတန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။မခက်ပါဘူး

အချိန်လေး(၁၅) မိနစ်ပဲ ပေးရပါတယ်။

■■ ပြီးတော့“ ငါ့ရင်ထဲမှာ သိက္ခာ(၃)ပါးတည်နေရင်ငါဟာတန်ဖိုးရှိနေတာလို့” (၃)ကြိမ်လောက် ရွတ်လိုက်ပါ။နေ့ခင်တစ်ကြိမ်၊ ညပိုင်းတစ်ကြိမ် အသံနဲ့ပါတူးတွဲပြီး ကိုယ့်ကိုယ်ကိုအားပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့စိတ်စွမ်းအားတွေလည်း အလိုလိုရောက်လာတာပါ။

တရားသံနဲ့ပြောရင် ကိုယ်ကိုယ်ကြည်ညိုလာတာပါ။ဘယ်သူဖြစ်ဖြစ် ကိုယ်ကိုယ်ကြည်ညိုသွားပြီးဆိုရင် ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ သူတစ်ပါးကြည်ညိုဖို့ထက် ကိုယ့်ကိုယ်ကိုကြည်ညိုဖို့က အဓိကပါ။

■■ တစ်ခါတလေ လောကဓံဆိုးတွေ တွေ့ကြုံတဲ့အခါပဲ ဖြစ်ဖြစ်အားငယ်စိတ် ၀င်လာရင် ကိုယ့်ရင်ထဲကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ပါ။ဒါဆိုရင် ကိုယ်ဟာတန်ဖိုးရှိတဲ့သူဖြစ်သွားပါပြီ။ ဘာမှအားငယ်စရာ မလိုတော့ဘူး။

တစ်စုံတစ်ယောက်က ကိုယ့်ကိုမချစ်ဘူး ဘာဖြစ်လဲ၊

တစ်စုံတစ်ယောက်က ကိုယ့်ကိုမုန်းနေတယ် ဘာဖြစ်လဲ၊

ကိုယ့်မှာ အခြံအရံ အသိုင်းအဝိုင်းမရှိဘူး ဘာဖြစ်လဲ ၊

ကိုယ်ကမအောင်မြင်ဘူး ဘာဖြစ်လဲ၊

ကိုယ့်မှာ သိက္ခာ(၃)ပါး ရှိတယ်။

ဘာလို့လဲဆိုတော့ လူတစ်ယောက်တန်ဖိုးကို သိက္ခာ(၃)ပါးနဲ့ပဲဆုံးဖြတ်တာပါပဲ။

■■ ဘာပဲလုပ်နေလုပ်နေ နောက်ဆုံး အိမ်သာတက်ရင်လည်းဟိုဟိုဒီဒီ မတွေးပဲ ဂုဏ်တော်လေးပဲပွားနေမယ်ဆိုရင်ပိုက်ဆံမကုန်ဘဲ သမာဓိသိက္ခာတွေဖြစ်နေတာပါ။

တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေမှာလည်း တတ်နိုင်သမျှ

သတိလေးနဲ့လုပ်မယ်ဆိုရင် ပညာသိက္ခာတွေတည်နေတာပါ။

တတ်နိုင်ရင် “ငါရင်ထဲမှာ သိက္ခာ(၃)ပါးတည်နေရင်ငါဟာတန်ဖိုးရှိနေတာပါပဲ ” ဆိုတဲ့စာတမ်းလေးကို ကပ်ထားရင် ဒါကိုမြင်တိုင်း ကျန်တဲ့ဘဝကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ သတိ ပေးပြီးသား ဖြစ်နေတော့တာပါ။

■■လူတစ်ယောက်ဟာ တစ်ရက်ဟာကုန်သွားတာနဲ့ သေဖို့တစ်ရက်နီးနီးသွားတာပါ။ သေဖို့တစ်ရက် နီးသွားတာနဲ့ကုသိုလ်ပြုဖို့ အခွင့်အရေးတွေ တစ်ရက်လျော့သွားတာပါ။ ပြီးတော့ တစ်ရက်ကုန်သွားတာနဲ့ အိုသွားတာပါ တိုးတိုးပြီး ပျိုပျိုမလာပါဘူး။

မနက်အိပ်ရာက နိုးတာနဲ့ မထသေးဘဲ

“တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ်

သေရန်တစ်ရက်နီးလာပြီ”

လို့ နှစ်ခေါက်လောက် ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ်ကိုလည်း သတိပေးပြီးသား ဖြစ်သွားပါတယ်။ဒါဆိုရင် ဒီတစ်နေ့တာ ကိုအကုသိုလ်ပြုချင်စိတ်ရှိမှာ မဟုတ်သလို ကုသိုလ်ပြုဖို့လည်း သေချာအားထုတ်တောမှာပါ။

တစ်ရက်ကုန်တာနဲ့ သေဖို့တစ်ရက်နီးလာပြီ ဆိုတာလေးကို သံဝေဂဖြစ်အောင် သေချာဆင်ခြင်ရမှာပါ။ငယ်ရွယ်တဲ့သူတွေအတွက်တော့ ကုသိုလ်ပါရမီဖြည့်ဖို့ အခွင့်အရေးရက်တွေက ပိုပြီးရှိနေပါသေးတယ်။

ဘယ်အသက်အရွယ်ပဲရောက်ရောက် “ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ” ဆိုတဲ့မေးခွန်းကို သေချာမေးပြီးကျန်ရှိနေတဲ့ သက်တမ်းအတွက် “ဘဝပလ္လင်” ကိုသေချာ ချရမှာပါ။ကိုယ်ချထားတဲ့ “ဘဝပလ္လင်” အတိုင်းနေသွားဖို့ပါ။

ဘာဖြစ်ဖြစ် ဘာမှ အားငယ်စရာမလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာ(၃)ပါး တည်နေရင် ကိုယ်ဟာတန်ဖိုးရှိနေတာပါပဲ။

{ဆရာတော် ရဝေနွယ်(အင်းမ)}

“ ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ"

တရားတော်မှကောက်နှုတ်ချက်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။