ရန်ကင်းမြို့နယ် တရားရုံးတွင် လိမ်လည်မှုဖြင့် သရုပ်ဆောင် မေသန်းနုကို တရားလိုပြု တိုင်ကြားထားသူ ဒေါ်စန်းစန်းမြင့်ကို ကမာရွတ်မြို့နယ် တရားရုံးတွင် အသရေဖျက်မှုဖြင့် မေသန်းနုက ပြန်လည် အမှုဖွင့် တရားစွဲဆိုထားကြောင်း တရားစွဲဆိုခံရသူထံမှ သိပါတယ်။

ကမာရွတ်မြို့နယ်၊ (၅)ရပ်ကွက်၊ ဈေးလမ်းတွင်နေထိုင်သူ ဒေါ်စန်းစန်းမြင့်သည် သရုပ်ဆောင် မေသန်းနုက ၎င်းထံမှ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရန် ချေးယူခဲ့သည့် ကျပ် ၆၂၅ သိန်းကို ပြန်မဆပ်ဟု လီဆယ် ပြောဆိုကာ ပုဒ်မ ၄၂၀ ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ကမာရွတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သောကြောင့် ဂုဏ်သရေ ထိခိုက်စေရန်၊ သိက္ခာ ကျဆင်းစေရန်၊ နစ်နာစေရန်အကြံဖြင့် မမှန်မကန် စွပ်စွဲတိုင်ကြားသူကို အရေးယူပေးရန် သရုပ်ဆောင် မေသန်းနုက ကမာရွတ်မြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ပါတယ်။

“ကျွန်မကို ပြီးခဲ့တဲ့ အပတ်က ကမာရွတ်ရဲစခန်းက အမှုစစ် ရဲအရာရှိက စစ်ချက် တောင်းခဲ့တယ်၊ ပြီးတော့ ကမာရွတ် တရားရုံးက အသရေဖျက်မှုနဲ့ တရားစွဲဆိုခံရမှုကို ဇန်နဝါရီလ ၂၀ ရက်နေ့ တရားရုံးမှာ အမှု လာရင်ဆိုင်ဖို့ ခေါ်ထားတယ်၊ ကျွန်မမှာ သက်သေ အထောက်အထား စာရွက်စာတမ်းတွေ ရှိပါတယ်၊ ဥပဒေအတိုင်း ဆက်ရင်ဆိုင်သွားမယ်”ဟု ဒေါ်စန်းစန်းမြင့်ကပြောခဲ့ပြီး

အသရေဖျက်မှုဖြင့် တရားစွဲဆိုခံရသော ဒေါ်စန်းစန်းမြင့်က ၎င်းမှာ မေသန်းနုနှင့် နှစ် ၃၀ ကြာ ခင်မင်ရင်းနှီးခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လက သမီးတစ်ကောင် နွားတစ်ထောင် ရုပ်ရှင်ဇာတ်ကားကို မေသန်းနုက ထုတ်လုပ်သူအဖြစ် ရိုက်ကူးရန် လိုနေသည့်ငွေ ကျပ်သိန်း ရဝဝ ကို ၎င်းထံ အကူအညီ တောင်းခဲ့ကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင် နာနတ်တောလမ်းရှိ ရွှေကောင်း ဟော့ပေါ့ဆိုင်တွင် မေသန်းနုနှင့်ချိန်းဆိုကာ ၎င်းက ငွေကျပ် ၆၂၅ သိန်းကို ပေးခဲ့ကြောင်း၊

ယင်းချေးယူခဲ့သည့်ငွေကို သရုပ်ဆောင် မေသန်းနုက ရိုးမဘဏ်နှင့် မြန်မာအရှေ့တိုင်း ဘဏ် ချက်လက်မှတ်များဖြင့် ၂၀၁၅ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ ခြောက်ကြိမ် ငွေခွဲဆပ်ခဲ့သော်လည်း ငွေသားထုတ်ရာတွင် ဘဏ်များတွင် ယင်းချက်လက်မှတ်ပါ ငွေစာရင်းများအရ ငွေလက်ကျန် မရှိသောကြောင့် ထုတ်ယူ၍ မရခဲ့ကြောင်း၊ မေသန်းနုထံ ဆက်သွယ်ရာ ငွေသားဖြင့် ပြန်ပေးမည်ဟု ပြောသော်လည်း ယနေ့အချိန်ထိ မရရှိသောကြောင့် လိမ်လည်မှုဖြင့် အရေးယူပေးရန် ကမာရွတ်မြို့မ ရဲစခန်းတွင် ဒေါ်စန်းစန်းမြင့်က တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့ခြင်းခဲ့ပြီး

သရုပ်ဆောင် မေသန်းနုကနေပြီး ဒေါ်စန်းစန်းမြင့်နှင့် သူမ ဟာ ခင်မင်ရင်းနှီးခဲ့ပြီး တစ်ဦး အခက်အခဲကို တစ်ဦးမှ ကူညီပေးခဲ့သူများဖြစ်ကြောင်း၊ ၎င်းတွင် ငွေရှိလျှင် ဒေါ်စန်းစန်းမြင့်ကို ယူသုံးခွင့်ပြုခဲ့ပြီး ငွေလိုအပ်သည့်အခါတွင် ဒေါ်စန်းစန်းမြင့်က အတိုးဖြင့် ငွေရှာပေးခဲ့ ကြောင်း၊ ချေးယူငွေများကို ပြန်ဆပ်သည့်အခါ ချုပ်ဆိုထားသည့်စာချုပ် ပြန်ပေးခြင်း၊ လက်မှတ် ရေးထိုးထားသည့် ချက်လက်မှတ်ကို ဆုတ်ဖြဲခြင်းများ ပြုလုပ်ခဲ့ရာမှ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ငွေချေးငွေယူ ငွေပြန်ဆပ်ပြုလုပ်ခဲ့သောကြောင့် ယုံကြည်ခဲ့သူ တစ်ဦးဖြစ်ခဲ့ပြီး

ချေးငွေ ပြန်ပေးဆပ်ပြီးသော်လည်း ပြန်မပေးခဲ့သော စာချုပ်များ၊ မဆုတ်ဖြဲခဲ့သော ချက်လက်မှတ်များ များစွာ ကျန်ရှိနေခဲ့ကြောင်း၊ ပေးလျှင်လည်း လက်မှတ် မထိုးယူလျှင်လည်း လက်မှတ်မထိုး ပေါ့ပေါ့ဆဆ နေခဲ့မိကြောင်း၊ ဒေါ်စန်းစန်းမြင့်က နေအိမ်ရှေ့ လာရောက်ဆဲဆိုခြင်းနှင့် ရုပ်ရှင်အစည်းအရုံးထံ မမှန်မကန် တိုင်တန်းခြင်းများ ပြုလုပ်နေသောကြောင့် ၎င်းက အဆက်အသွယ်မပြု လက်မခံခဲ့ရာမှ လုပ်ကြံတိုင်တန်းခံရခြင်းဖြစ်ပြီး ယခင်ပေးခဲ့သည့် ရွှေထည်၊ စိန်ထည်နှင့် စာရွက်စာတမ်းများကို ပြန်တောင်းခဲ့သော်လည်း ဆုံးပြီဖြစ်ကြောင်း ပြောသဖြင့် ဘဏ်အကောင့်တွင် ငွေမထည့်ရဲတော့ကြောင်း၊

ထို့အပြင် ဒေါ်စန်းစန်းမြင့်၏ တိုင်ကြားချက်တွင်ပါရှိသော ရွှေကောင်း ဟော့ပေါ့ဆိုင်သို့ ငွေကျပ် ၆၂၅ သိန်း လာယူသည်ဆိုသောနေ့မှာ သားဖြစ်သူ မင်းသန့်မောင်မောင်၏ ၁၇ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ဘဲလင်းကျောက်ထုတ် စခန်းတွင် အကျဉ်းသားများကို အလှူဒါန သွားရောက် ပြုလုပ်နေသောနေ့ဖြစ်ကြောင်း မှတ်တမ်း ဓာတ်ပုံ အထောက်အထားများဖြင့် ပြန်လည်တင်ပြခဲ့ပြီး ချက်လက်မှတ်များမှာ ယခင်ချေးငွေပေး ချေပြီးသော်လည်း ပြန်မပေးသော မဆုတ်ဖြဲပစ်ဘဲ ကျန်ရှိနေသော ချက် လက်မှတ်များဖြစ်ကြောင်း သရုပ်ဆောင် မေသန်းနုက ထွက်ဆိုခဲ့ပါတယ်။

ယင်းကြောင့် ကမာရွတ်မြို့မရဲစခန်းတွင် တိုင်ကြားခံရသည့် (ပ)၃၇၇/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၄၂၀ အမှုကို ဥပဒေ အကြံပြု တောင်းခံခဲ့ရာ အဆင့်ဆင့်မှ တရားစွဲဆိုရန် မသင့်ကြောင်း ပြန်ကြားခဲ့ပြီး အမှုပိတ်သိမ်းရန် စီစဉ် ဆောင်ရွက်နေသောကြောင့် ဂုဏ်သရေ ထိခိုက်စေရန်၊ သိက္ခာကျစေရန်၊ နစ်နာစေရန် အကြံဖြင့် မမှန်မကန် စွပ်စွဲ တိုင်ကြားသူ ဒေါ်စန်းစန်းမြင့်ကို အရေးယူပေးရန် မေသန်းနုက တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ပါတယ်။

အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုမှုနှင့် ပတ်သက်၍ သရုပ်ဆောင် မေသန်းနု၏ လက်ကိုင်ဖုန်းထံ The Voice က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားပေးမှု မရှိခဲ့ပေ။ အသရေဖျက်မှုဖြင့် တရားစွဲဆိုခံရသူ ဒေါ်စန်းစန်းမြင့်က သရုပ်ဆောင် မေသန်းနုကို တိုက်ခန်း ဝယ်ယူရန် စရန်ငွေ ကျပ်သိန်း ၄ဝဝ ပြန်မပေးဟုဆိုကာ ပုဒ်မ ၄၂၀ ဖြင့် ရန်ကင်းမြို့မ ရဲစခန်းတွင်လည်း အမှုဖွင့် တိုင်ကြားခဲ့ပြီး လက်ရှိ ယင်းအမှုကို ရန်ကင်းမြို့နယ် တရားရုံးတွင် စစ်ဆေးလျက်ရှိသည်။

Source: The Voice

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။