ကချင်ပြည်နယ်မှာ အစိုးရက အသိအမှတ်ပြု ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတစ်ရာကျော်ရှိပြီး အစိုးရက စစ်ရှောင်စခန်းအဖြစ် အသိအမှတ်မပြု ထားတဲ့စခန်းတွေပါ ပါဝင်ရင် စစ်ရှောင်စခန်း ၂ဝဝ လောက်ရှိတယ်လို့ သိရပါတယ်။၂ဝ၁၁ ခုနှစ် ကေအိုင်အိုနဲ့ တပ်မတော် အကြား တကျော့ပြန်တိုက်ပွဲ စတင်ခဲ့ချိန်ကစလို့ အခုထိ ကချင်နဲ့ ရှမ်းမြောက်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင် တသိန်းကျော်လောက် ခိုလှုံနေကြရတာပါ။ဒီလိုသာ မိုးဆက်တိုက်ကြီးနေမယ်ဆိုရင် တဲကြီးတွေတည်ဆောက်ပြီး နေနေရတဲ့ ယာယီစစ်ရှောင် စခန်းက လူတွေရဲ့ ကျန်းမာရေး ဒီထက်ပိုထိခိုက်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေက ပြောကြပါတယ်။

ယခုရက်ပိုင်းမှာ မိုးဆက်တိုက်ကြီးနေလို့ ကချင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းအချို့မှာ ရေဝင်လို့ ဒုက္ခသည်တွေအနေနဲ့ ကျန်းမာရေး အပါဝင်အခက်အခဲအချို့တွေ့နေရပါတယ်။ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ကြီးနေတာကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လူ ၅ဝဝ ကျော်ရှိနေတဲ့ ဂျော်မဆတ် စစ်ရှောင်စခန်းမှာ စခန်းတွေအတွင်း ရေတွေဝင်ရောက်တာကြောင့် အအေးမိ ဖျားနာတာတွေနဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်နေပါတယ်။ဂျော်မဆတ်စစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့လတွေအတွင်းက မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အောင်လော့ဒ်ဘက်က နေ ထွက်ပြေးလာရသူတွေအတွက် ၂ဝ၁၈ ခုနှစ် မေလ ၈ ရက်က စပြီး ယာယီ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတခုဖြစ်ပါတယ်။

မိုးရွာရင် စခန်းထဲ ရေတွေဝင်ပြီး ရေဝပ်တော့ ချက်ပြုတ်ရတာ အခက်အခဲရှိသလို စခန်းကို ရေ တပေလောက်ဝင်ပြီး အများစုက ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြတယ်လို့ ဂျော်မဆတ်စစ်ရှောင်စခန်းကို တနိုင်း အောင်လော့ဒ် ကျေးရွာဘက်က လာရောက်ခိုလှုံသူ ဒေါ်မျှောင်က မီဒီယာတွေကိုပြောကြားခဲ့ကြောင်းသိရပါတယ်။ကျန်းမာရေးအခက်အခဲတွေ ဖြစ်ပေါ်နေတဲ့ ဂျော်မဆတ်စစ်ရှောင်စခန်းက လူတွေကို ကျေးရွာဆေးပေးခန်းက ကုသပေးနေသလို ကျေးရွာက မကုသပေးနိုင်တဲ့သူတွေကတော့ မြို့ပေါ်ဆေးရုံနဲ့ဆေးခန်း တွေမှာသွားရောက် ကုသ ရတယ်လို့ သိရပါတယ်။ဂျော်မဆတ်စစ်ရှောင်စခန်းနည်းတူ မြစ်ဆုံအနီးက လူ တထောင်ကျော်ရှိတဲ့ တန်ဖရဲစစ်ရှောင် စခန်းမှာလည်း ရေသန့် မရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတာတွေ များနေတယ်လို့ သိရပါတယ်။

Source - Sut Seng Htoi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။