ရှေးအီဂျစ်လူမျိုးတို့သည် လူတစ်ဦးတစ်ယောက် သေဆုံးသွားသောအခါ ထိုသူ၏ ရုပ်အလောင်း မပျက်မစီး၊ မပုပ်မသိုးမှသာလျှင် သေသူ၏ အသက်ဝိညာဉ်သည် နောင်တနေ့သောအခါတွင် ကြွင်းကျန်ခဲ့သော မိမိရုပ်ကလာပ်ထဲသို့ ပြန်ဝင်အသက်ရှင်လိမ့်မည်ဟု ယုံကြည်ကြပါတယ်။ ထိုသို့ယုံကြည်သည့်အတိုင်း ရုပ်အလောင်းကို မပုပ်မသိုးပဲ ကြာမြင့်စွာ တည်တံ့နိုင်စေမည့် နည်းအမျိုးမျိုးကို ရှာဖွေခဲ့ကြပြီး အဆီ၊ သစ်စေး၊ အမွှေးအထုံများဖြင့် လူသေရုပ်ကလာပ်ကို သုတ်လိမ်းပြီးလျှင် ပိတ်ပိုင်းစ အရှည်ကြီးဖြင့် ဦးခေါင်းမှ ခြေဖျားတိုင် ရစ်ပတ်ကျပ်စည်းကြပါတယ်။ ဒီလို မပုပ်မသိုးအောင် ကျပ်စည်းထားသော ရုပ်ကလာပ်မျိုးကို မံမီရုပ်ကလာပ်ဟု ခေါ်ကြတာပဲ ဖြစ်ပါတယ်။ 

အထူးသဖြင့် မင်းမျိုးရာဇာနှင့် ပစ္စည်းဥစ္စာ ကြွယ်ဝသောသူများ သေလွန်သောအခါ ငွေကြေးမြောက်မြားစွာပေး၍ ဝယ်ယူရသော ဆေးအမျိုးမျိုး၊ အမွှေးအမျိုးမျိုးတို့ဖြင့် ရုပ်ကလာပ်ကို စီမံကျပ်စည်းပေးထားရတာပဲ ဖြစ်ပါတယ်။ ထိုနောက် အဖိုးတန် ပစ္စည်းအသုံးအဆောင်များနှင့် အတူတကွ ကြီးကျယ်ခန်းနားစွာ မြှုပ်နှံထားလေ့ရှိကြပြီး သာမန် ဆင်းရဲသားဖြစ်လျှင်ကား ရုပ်အလောင်းကို ဆားရည်တွင်စိမ်၍ အခြောက်ခံပြီးလျှင် သာမန်အဝတ်စများဖြင့်ပင် ရစ်ပတ်ကာ မြှုပ်နှံလိုက်ကြတာပဲ ဖြစ်ပါတယ်။ 

မံမီရုပ်ကလာပ် ပြုလုပ်သည့် အလေ့အထသည် အီဂျစ်နိုင်ငံမှ တောင်ပိုင်းသို့ ပျံ့နှံ့သွားရာ အာဖရိက၊ အိန္ဒိယ၊ ဩစတြီးယားနှင့် အာရပ်လောကတိုင်အောင် ရောက်သွားခဲ့ပြီး အနောက်ဖက် တခွင်တွင်မူ ထိုအလေ့အထသည် ပီရူးနှင့် မက္ကဆီကိုနိုင်ငံတို့တိုင်အောင် ပျံ့နှံ့သွားခဲ့ပါတယ်။ သို့သော် မံမီရုပ်ကလာပ် ပြုလုပ်ကြရာတွင် အီဂျစ်တို့၏ နည်းကို မည်သူမျှ မမှီကြပေ။ ရှေးခေတ် အီဂျစ်ဖာရိုဘုရင်များ ဖြစ်ကြသော ဒုတိယ ရမ်မီးဆီးနှင့် တူတန်ခမွန်တို့၏ မံမီရုပ်ကလာပ်များမှာ အကျော်ကြားဆုံးသော မံမီရုပ်ကလာပ်များ ဖြစ်ကြပြီး အီဂျစ်လူမျိုးတို့သည် ရုပ်ကလာပ် ပြုလုပ်သည့် အလေ့အထကို ဘီစီ ၄၅၀၀ ခန့်မှစ၍ အေဒီ ရ ရာစုခေတ်တိုင်အောင် ပြုလုပ်ခဲ့ကြကြပြီး ကလေးများ၏ ရုပ်အလောင်းကို ထိုသို့ မပုပ်မသိုးအောင် ပြုလုပ်ခြင်း နည်းပါးကြပါတယ်။ 

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။