မြန်မာနိူင်ငံမှာ ခဏခဏ ကားမီးလောင်ရတဲ့အကြောင်းများနှင့် ကားမီးလောင်ရင် လုပ်ဆာင်ရန်အချက်များ၊

မြန်မာနိုင်ငံက ကားတွေ မီးမလောင်သင့်ပဲ လောင်ရတဲ့ အထဲမှာ တကယ်မကျွမ်းကျင် မတတ်ကျွမ်းပဲ အဖြစ်လုပ်နေတဲ့ ကားဝါယာရင်း လုပ်တဲ့သူတွေကြောင့် ၆၀% ပါတယ်။ မယုံရင် ကားမီးလောင်ဖူးတဲ့ သူတွေနဲ့ ကားတွေကို လိုက်ပြီးစစ်တမ်း ကောက်ကြည့်လိုက်ပါ…………… မီးလောင်သွားတဲ့ ကားကို ဝါယာရင်း ပြုပြင်ထားခြင်း ရှိမရှိ…………

ကိုယ်တိုင်က ကားတွေနဲ့ ပါတ်သက်ရင် ဝါသနာပါတာကြောင့် ကားနဲ့ ပါတ်သက်တဲ့ ဂရုတွေ အတော်များကို ဝင်ထားပြီး လိုက်ကြည့်ဖြစ်တယ်။ အဲ့ဒီထဲမှာ ဘာကိုသွားတွေ့သလဲဆိုတော့ မလိုအပ်ပဲနဲ့ ကားအလှမီးတွေ ဆင်တာ၊ မလိုအပ်ပဲနဲ့ မီးလုံးကြီးတွေ ဆင်တာပဲ။

ဆင်တဲ့နေရာမှာလည်း တကယ်ကျွမ်းကျင်တဲ့ သူမျိုးနဲ့ သေခြာတွက်ချက်ပြီး ဆင်တာ မဟုတ်ပဲ ထိမီးလင်း ဆိုတာမျိုးနဲ့ ဆင်ကြတယ်။ ဥပမာ အပိုမီး တပ်ချင်ရင် အပိုတပ်မည့် မီးရဲ့သုံးဆွဲမည့် ဝပ်အားကို တွက်ရမယ်။ စီးဆင်းမည့် အမ်ပီယာကို တွက်ရမယ်။ ဒါမှ ထပ်ပြီးတပ်မည့် မီးကို လက်ရှိ ရှိနေတဲ့ မီးလိုင်းကနေ ဆင့်ပွားယူလို့ ရမလား၊ ဘက်ထရီ အရင်းကနေ တခါတည်း သွားယူရမလားဆိုတာ သိနိုင်မယ်။

အခု တော်တော်များများမှာ တွေ့နေရတာက နီးစပ်ရာမီးလိုင်းကနေ ယူလိုက်မယ်။ ပြီးရင် ဆက်လိုက်မယ်။ ဒါဆို ခလုတ်ဖွင့်လိုက်ရင် မီးလင်းပြီ။ ဒီတော့ လက်ရှိတပ်ထားတဲ့ ဒါဏ်ခံကြိုး Fuse က ပြတ်သွားတယ်။ လက်ရှိတပ်ထားတာက ၅ အမ်ပီယာ (5 Amp) ခံနိုင်တာက ပြတ်သွားတယ်၊ ဒီတော့ မပြတ်အောင် ၁၅ အမ်ပီယာ (15 Amp) ထည့်လိုက်တယ်။ ဒီလိုပဲ လွယ်လွယ်လေး လုပ်ကြတယ်။ တကယ်တော့ ထုတ်လုပ်သူက 5 Amp Fuse တပ်ထားတယ်ဆိုတာ အဲ့ဒီမီးလိုင်းက 5 Amp ပဲ နိုင်လို့/ သုံးဖို့ သင့်တော်လို့ တပ်ထားကြတာပါ။

ဒါကို ရွှေမြန်မာများက အမ်ပီယာ ကြီးရင် Fuse မပြတ်တော့ဘူး ပိုကောင်းတယ် ဆိုပြီး တတ်ကြပါတယ်။ အလွန်လွှဲမှားတဲ့ အယူအဆပါ။ Fuse ဆိုတာ ပြတ်မှ ကောင်းပါတယ်။ Breaker ဆိုရင်လည်း ပြုတ်မှ ကောင်းပါတယ်။ ဒါကြောင့် နောက်ပိုင်း Breaker တွေ ELCB တွေ RCCB တွေ RCB တွေ မှာဆိုရင် ပြုတ်မပြုတ် စမ်းရအောင် Test Button လေး ထည့်ထားပေးပါတယ်။ Fuse မပြတ် Breaker မပြုတ်ရင် သက်ဆိုင်ရာ ဝါယာကြိုးက မနိုင်ဝန်ထမ်းရတာများလို့ ပူလာ၊ အပူလွန်ပြီး မီးလောင်တတ်ပါတယ်။ ဒါက Fuse အကြီးကြီးတွေကို လွဲမှားစွာ သုံးတဲ့ အကျိုးဆက်ပါ။ သင့်တော်တဲ့ ဝါယာကြိုး အရွယ်အစားနဲ့ Fuse ကို မှန်ကန်စွာ တပ်ဖို့ အရမ်း အရေးကြီးပါတယ်။

နောက်တစ်ခု သိပ်ကိုကြောက်စရာကောင်းတာ တစ်ခုက ကားအင်ဂျင်ခန်းထဲမှာ ပြင်ထားတဲ့ ဝါယာကြိုးကို သာမန်အိမ်သုံး အပေါစား အနီအနက် ၂ ပင်လိမ်ကြိုးလေးတွေနဲ့ သွယ်ထားတာ တွေ့ရတာပဲ။ ဒါကို ကားဝယ်ရောင်း ဂရုတွေ ကားဖန်ဂရုတွေရဲ့ အင်ဂျင်ခန်း ဓာတ်ပုံတွေ ပြထားတဲ့ နေရာမှာ မတွေ့ချင်ဆုံးပါပဲ။ ဒီ နီနက် ၂ ပင်လိမ်ကြိုး အပူခံနိုင်မခံနိုင်ကတော့ သာမန်မီးအပူကလေးနဲ့တောင် အသာကလေး အရည်ပျော်သွားတတ်တာ လူတိုင်း သိကြပါတယ်။

ကားအင်ဂျင်ခန်းဆိုတာ အလွန်ပူတဲ့နေရာတစ်ခုပါ။ အင်ဂျင်ခန်းထဲမှာ ထည့်သွင်းမည့် ဝါယာကြိုးဆိုတာ သမန်ကာလျှံကာ ကြိုးမျိုးမဟုတ်ပါဘူး။ အပူဓာတ်၊ ဓာတုပစ္စည်းဒဏ်တွေကို ခံနိုင်အောင် အထူးထုတ်ထားတဲ့ ဝါယာကြိုးမျိုးပါ။ ဒါကို သာမန်ကြိုးကလေးတွေနဲ့ သွယ်တန်းထားတာ ဘယ်လောက်များ အန္တရာယ်နဲ့ နီးကပ်နေသလဲဆိုတာ ယာဉ်ပိုင်ရှင်တွေ ယာဉ်မောင်တွေ သတိထားသင့်ပါတယ်။

ဒါကြောင့် ကိုယ့်ကားကို ဝါယာရင်းနဲ့ ပါတ်သက်လို့ပဲ ဖြစ်ဖြစ် ကျန်တဲ့ အစိတ်အပိုင်းတစ်ခု ပြင်ဆင်လို့ပဲ ဖြစ်ဖြစ် ပြင်ဆင်ရတော့မယ် ဆိုရင် အမှန်တကယ် တတ်ကျွမ်းပြီး သိနားလည်တဲ့ သူတွေထံမှာပဲ ပြင်ဖို့ အကြံပေးချင်ပါတယ်။ သိန်းရာကျော်တန် ကားတစ်စီးနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အသက်တစ်ချောင်း အတွက် ဘာမဟုတ်တဲ့ ငွေလေး ၁ သိန်း ၂ သိန်းလောက်ကို မြင်မနေ ကြပါနဲ့လို့ပဲ အကြံပေးချင်ပါတယ်။

Article credit: Ko Nyi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။