သိန်းနီရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပြန်လည်ဖွင့်လှစ်အပြီး ခြောက်ရက်အကြာ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ၁၆ ဘီး ကုန်တင်ယာဉ် အပါအဝင် မော် တော်ယာဉ် ၁၀ စီးမှ တရားမဝင် ကုန်ပစ္စည်းများကို ပထမဆုံးအကြိမ် သိမ်းဆည်းရမိခဲ့ကြောင်း သိန်းနီရေပူအမြဲတမ်း စစ်ဆေးရေးစခန်း တာဝန်ခံထံမှ သိရသည်။

.

“တရားမဝင် သစ်သီးမျိုးစုံ တင်လာတဲ့ ကွန်တိန်နာကြီး တစ်စီးနဲ့ အခြားမော်တော်ယာဉ် ကိုးစီးမှာ တရားမဝင် ကုန်ပစ္စည်းတွေ တင်ဆောင်လာလို့ ဖမ်းဆီးလိုက်တာပါ” ဟု သိန်းနီရေပူအမြဲတမ်း စစ်ဆေးရေးစခန်း တာဝန်ခံ အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင် ကုန်ပစ္စည်းများတွင် အေးခဲအသားနှင့် ဝက်ဆီဖတ်များ၊ တရားမဝင် တင်သွင်းလာသော လူသုံးကုန်ပစ္စည်း အမျိုးမျိုးအပြင် လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး ပါဝင်ပြီး အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကိုသာ သိမ်းဆည်းလိုက်ကြောင်း ၎င်းက ရှင်းပြသည်။

.

ရေပူဂိတ်ကို ဖြတ်သန်းလာသည့် မော်တော်ယာဉ်များတွင် တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်လာမှုကို သက်ဆိုင်ရာ အကောက်ခွန်ဌာနက စစ်ဆေးနေစဉ်အတွင်း ယာဉ်ထိန်းတပ်ဖွဲ့ကလည်း လိုအပ်ချက်များကို စစ်ဆေးမည်ဖြစ်ကြောင်း သိန်းနီရေပူအမြဲတမ်း စစ်ဆေးရေးစခန်း တာဝန်ကျ ယာဉ်ထိန်းအရာရှိ ရဲအုပ်စေဝင်းက ပြောဆိုသည်။

အဆိုပါ ရေပူစစ်ဆေးရေးစခန်းသည် ၂၄ နာရီ စစ်ဆေးဆောင်ရွက်မည် ဖြစ်ပြီး ကုန်တင်ယာဉ်တစ်စီးကို စစ်ဆေးချိန်သည် ၁၀ မိနစ် ဝန်းကျင်ခန့်သာ ကြာမြင့်နိုင်ကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။