မန္တလေးမြို့တွင် ပြီးခဲ့သည့် တစ်လခန့်အတွင်း မိဘများမှ စွန့်ပစ်လိုက်သည့် မွေးကင်းစနို့စို့အရွယ်ကလေးငယ်များ အပါအဝင်ကလေးငယ် ၈ဦးအထိ ခေါ်ယူစောင့်ရှောက် ခဲ့ရကြောင်း မန္တလေးမြို့ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း YGWထံကသိရသည်။

ကလေးငယ်များကို ယခုနှစ်ဇန်နဝါရီလအတွင်း ခေါ်ယူစောင့်ရှောက်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအသင်းတွင်နို့စို့အရွယ်ကလေး ၂၂ ဦး နှစ်နှစ်သုံးနှစ်အရွယ်ကလေး ၂၄ ဦးအထိရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါအသင်းမှ ဆရာတော်ဦးဓမ္မနန္ဒကမိန့်သည်။

'' အရင်က တစ်လကို ကလေးသုံးယောက်လောက်ပဲခေါ်ယူစောင့်ရှောက်ရတယ် အခု တစ်ချို့လတွေဆို ဆယ်ယောက်လောက်အထိခေါ်ယူရတယ် ဒါကလည်းပွင့်လင်းတဲ့ခေတ်ရောက်လာလို့ဖြစ်လာတာလို့မြင်ပါတယ် တချို့လည်း အဖေအမေတစ်ဦးဦးကျန်နေရင် ငယ်ရွယ်တဲ့အရွယ်ပဲရှိသေးတော့ ကလေးကို ထိန်းသိမ်းချင်တဲ့ ဆန္ဒမရှိကြဘူးပေါ့''ဟု ဆရာတော်ကမိန့်သည်။

မန္တလေးမြို့တွင်ယခု၂၀၁၆ခုနှစ်အတွင်းမှစတင်၍ မွေးကင်းစကလေးငယ်နှင့် လသားအရွယ်ကလေးငယ်များစွန့်ပစ်ခံရမှုမှာ ယခင်ထက်ပိုမိုများပြားလာပြီး လက်ရှိတွင် သုံးဆခန့်ပိုမိုခေါ်ယူမွေးစားလာရကာ လက်ရှိ်ပြည်ကြီးတံခွန်မြို့နယ် စက်မှု ၂ ရပ်ကွက်ရှိ YGWမိဘမဲ့ကျောင်း၌်မိဘမဲ့ကလေးငယ် ၅၁၀ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

'' ခုလို ကလေးငယ်တွေစွန့်ပစ်မှုများလာတာက စီးပွားရေးကျပ်တည်းတာ စားဝတ်နေရေးအဆင်မပြေတာအပြင် လူငယ်တွေတင်မကလူကြီးပိုင်းတွေပါဘာသာရေးလိုက်စားမှုအားနည်းလာတာကြောင့်လို့လည်းထင်ပါတယ်''ဟု မန္တလေးမြို့ ဖြူစင်လူငယ်သွေးလှူရှင်နှင့် ပရဟိတအသင်းအတွင်းရေးမှုးကိုခင်စိုးကပြောသည်။

YGWကျောင်းရှိစွန့်ပစ်ခံနို့စို့အရွယ်ကလေးငယ်များအားနို့မှုန့်ဗူးများတိုက်ကျွေး၍စောင့်ရှောက်ထားရပြီး ကလေးငယ်များအတွက် နှစ်ရက်လျှင် NESTEL နို့မှုန့် ၁၂ဗူးပါ နို့မှုန့်တစ်ဖာတိုက်ကျွေးရကြောင်းသိရသည်။

မိဘမဲ့ကလေးငယ်များ ပိုမိုများပြားလာသည့်အတွက် ကလေးငယ်များ နေထိုင်ရန် အဆောက်အဦး,ကစားကွင်း, ကလေးကစားစရာပစ္စည်း, ဆန်, ဆီနှင့်နို့မှုန့်ဗူးများ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်ကြောင်း အသင်းထံကသိရသည်။

အသင်းသို့ကုသိုလ်ပါဝင် လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် ဆရာတော်ဦးဓမ္မနန္ဒ ၀၉ ၂၅၉၉၉၈၄၉၉ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။