ရန်ကုန်မြို့ပတ်ရထား ခရီးစဉ် မြို့တစ်ပတ်ခရီးစဉ်ပြေးဆွဲမှု ကို မြန်နှုန်း မြှင့် မည်ဖြစ်ပြီး ကြာမြင့်ချိန်ကို လျှော့ချသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဂျပန်နိုင်ငံ JICA အဖွဲ့၏ ပူးပေါင်း ကူညီထောက်ပံ့မှုနှင့်အတူ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအရ ရထားလမ်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီး ရထားပြေးဆွဲမှု မြန်နှုန်းမြှင့်တင်ရန်နှင့် ရန်ကုန်မြို့ပတ်ခရီးစဉ်၏ ပြေးဆွဲမှု ကြာမြင့်ချိန်ကို လျှော့ချသွားရန် ရည်မှန်းဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လက်ရှိ ရန်ကုန်မြို့ပတ်ရထားများ ပြေးဆွဲမှုနှုန်းသည် တစ်နာရီ ကီလိုမီတာ ၂ဝ နှုန်းဖြင့် ပြေးဆွဲနေရာမှ ကီလိုမီတာ ၄ဝ နှုန်းဖြင့် ပြေးဆွဲ သွားမည်ဖြစ်ပြီး မြန်နှုန်းမြှင့်ပြေးဆွဲမှုတွင် ရထားလမ်းတစ်လျှောက် အန္တရာယ် ကင်းရှင်းစေရေး အတွက် အသိပညာပေး လှုပ်ရှားမှုများကို ဇန်နဝါရီ ၂၃ ရက်မှ ၂၉ ရက်အထိ ရန်ကုန်ဘူတာကြီး၊ အင်းစိန်ဘူတာ၊ ကြည့်မြင်တိုင်ဘူတာနှင့် မလွှကုန်းဘူတာတို့တွင် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး ပြောကြားခြင်းတို့ကို တစ်ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းသည် ၄၆ ကီလိုမီတာ ရှည်လျားပြီး မြို့ပတ်ဘူတာစဉ် ၃၈ ဘူတာရှိကြောင်း သိရသည်။ မြို့ပတ်ရထား ခရီးစဉ် မြို့တစ်ပတ် ပြေးဆွဲမှု ကြာမြင့်ချိန်သည် မိနစ် ၁၇ဝ ခန့် ရှိနေရာမှ မြန်နှုန်းမြှင့် ပြေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုနှင့်အတူ လာမည့် ၂ဝ၂၂ ခုနှစ်တွင် တစ်နာရီ ကီလိုမီတာ ၆ဝ နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဆောင် ရွက်နေပြီး မြို့တစ်ပတ် ကြာမြင့်ချိန်ကို မိနစ် ၁၁ဝ ခန့်သာ ကြာမြင့် ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ရထားနှင့် ပတ်သက်သော အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းခြင်း၊ တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံလဲလှယ်ခြင်း၊ ရထားတွဲအသစ် များ ပြေးဆွဲခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိ ရန်ကုန်ဘတ်စ်ကား စနစ်သစ် ပြောင်းလဲမှုတွင် မြို့ပတ်ရထားများ တိုးမြှင့်ပြေးဆွဲနိုင်ရေးအတွက် တွဲဆိုင်းနှစ်ဆိုင်းဖြင့် အထူးရထား ပြေးဆွဲပေးလျက်ရှိသည်ဟု သိရသည်။

ယင်းအပြင် ရထားလမ်းနှင့် ကားလမ်းဆုံရာနေရာများတွင် အန္တရာယ် ကင်းစေရန် အလိုအလျောက် အော်တိုစနစ်သုံး ဂိတ်များတပ်ဆင်မှုကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ယင်းသို့ ပြုလုပ်လာနိုင်ခြင်းဖြင့် လက်ရှိပြေးဆွဲနေသော မြို့ပတ်ရထား ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိတွင် ရထားတစ်စင်းနှင့် တစ်စင်း အချိန်ကွာဟချိန် အနည်းဆုံး ၁၅ မိနစ်မှ အကြာဆုံး ၄၅ မိနစ်အထိ ကွာဟနေရာမှ လာမည့် ၂ဝ၂၂ ခုနှစ်တွင် ၁ဝ မိနစ်မှ ၁၂ မိနစ်အတွင်းသာ ကွာဟရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထား တိုင်း(၇) ရန်ကုန်တ်ိုင်းဒေသကြီးမှ သိရသည်။

Credit _ MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။