လူငယ်တွေ အများစုက ပိုက်ဆံ မစုဖြစ်ကြပါဘူး။ စုချင်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပိုက်ဆံ ခဏ ခဏ ကုန်သွားရပါတယ်။ လမကုန်ခင် လစာ မထုတ်ခင်မှာ ငွေပြတ်သွားလို့ အိမ်ကတောင်း၊ သူငယ်ချင်းတွေ ဆီက လှည့်ယူ ဒါတွေနဲ့ပဲ သံသရာ လည်နေပါတယ်။ လစာ ၂ သိန်းမှာ ငွေ မစုဖြစ်ရင် လစာ သိန်း ၂၀ ရတဲ့အခါမှာလည်း ငွေ မစုဖြစ်ပါဘူး။ ကျားကြီး ခြေရာကြီးမို့ ဒီလို အချိန်မှာလည်း အကုန်အကျတွေက များနေဦးမှာပါ။ ဒါ့ကြောင့် ဝင်ငွေ ဘယ်လောက်ပဲ ရှိရှိ ငွေစုတတ်စေဖို့ နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လစာရဲ့ ငါးပုံ တစ်ပုံ (၂၀ %) ကို စုငွေ အဖြစ် သတ်မှတ်ပါ။

ပထမဆုံး ပိုက်ဆံ စစုတဲ့ အခါ ဘယ်လောက်ပဲ ကုန်ကျစရိတ်တွေ များများ လစာ၊ ဝင်ငွေရဲ့ ၂၀% ကို စုငွေ အဖြစ် ဖယ်ပါ။ နှစ်လ၊ သုံးလ ခန့် ကြာတဲ့အခါ စုငွေ ရာခိုင်နှုန်းကို တဖြည်းဖြည်းချင်း တိုးမြှင့်ပြီး စုပါ။

(၂) နေ့စဉ် အသုံးစရိတ်များကို စာရင်းလုပ်ပါ။

ကိုယ်သုံးရမယ့် အသုံးစရိတ်ပမာဏကို တစ်လ နှင့် စားပြီး တစ်နေ့တာ အသုံးစရိတ်ကို သတ်မှတ်ပါ။ ထို ငွေ ပမာဏနှင့်သာ မျှတအောင် သုံးပြီး နေ့စဉ် အသုံးစရိတ် စာရင်း သတ်မှတ်ပါ။

(၃) အစားတစ်လိုင်း ကို ဆင်ခြင်ပါ။

တွေ့သမျှ သရေစာ မုန့်ကို စားသုံးနေခြင်းကလည်း အပိုဝင်ငွေကို ထိခိုက်စေနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း ထိခိုက်စေနိုင်ပါတယ်။

(၄) ဈေးနှုန်းကို နှိုင်းယှဉ်တဲ့ အကျင့်ကို ပြုလုပ်ပါ။

လိုအပ်တဲ့ ပစ္စည်းကို ဝယ်ယူတဲ့အခါ အနည်းဆုံး ၂ဆိုင်၊ ၃ဆိုင်ခန့် ဈေးနှုန်းကို ယှဉ်ပြီးမှ ဝယ်ယူပါ။

(၅) လိုအပ်တဲ့ ပစ္စည်းလား လိုချင်တဲ့ ပစ္စည်းလား စဉ်းစားပါ။

ပစ္စည်းတစ်ခု အသစ်ပေါ်လာတိုင်း ဝယ်နေတာထက် ကိုယ့်အတွက် မဖြစ်မနေ တကယ် လိုအပ်မှ ဝယ်ယူခြင်းက အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၆) အသေးအဖွဲ ကုန်ကျစရိတ်တွေကို စောင့်ကြည့်ပါ။

ဖုန်းဘေလ်၊ အင်တာနက်ဖိုး၊ မုန့်ဖိုး၊ နေ့စဉ် အသုံးစရိတ် စတဲ့ အသေးအဖွဲလေးကြောင့် ထွက်ငွေကို သိသိသာသာ ထိခိုက်စေနိုင်တာမို့ မလိုအပ်တဲ့ အသုံးစရိတ် (သို့မဟုတ်) လျှော့ချလို့ ရတဲ့ အသုံးစရိတ်များကို လျှော့ချပါ။

(၇) အပျော်အပါး လျှော့ပါ။

သူငယ်ချင်းတွေနဲ့ Night out သွားခြင်း၊ သီချင်း သွားဆိုခြင်း၊ ပွဲလမ်းသဘင်သွားခြင်း စတဲ့ အပျော်အပါးတွေကြောင့်လည်း ငွေကြေး အကုန်အကျ များနိုင်ပါတယ်။ လူငယ်ပီပီ ပျော်ချင်တယ် ဆိုရင်လည်းစုငွေကို မထိခိုက်ဘဲ အသုံးစရိတ်ထဲကသာ အသုံးပြုသင့်ပါတယ်။

(၈) ကျန်းမာရေး ဂရုစိုက်ပါ။

“နားဖာကလော်နဲ့ စုထားတဲ့ ငွေကို ကျန်းမာရေးနဲ့ ပတ်သက်လာရင် ရေပုံးလိုက် လောင်းချရတယ်” ဆိုတဲ့ စကားပုံအတိုင်း ကျန်းမာရေး ထိခိုက်တဲ့အခါမှာလည်း အသုံးစရိတ်ကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက် မရွေးဘဲ ကျန်းမာရေးကို လိုက်စားပါ။

Tina 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။