ပါရာစီတမော (Paracetamol) ကို နာကျင်ကိုက်ခဲမှု သက်သာစေဖို့ အဖျားကျစေဖို့ အတွက် အများစုက သောက်ဖြစ်ကြပါတယ်။ ဒါ့အပြင် ပါရာစီတမော (Paracetamol) ကို ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များရောင်ခြင်း၊ ခါးနာခြင်း၊ သွားကိုက်ခြင်း စတဲ့ ကိုက်ခဲမှု ဝေဒနာများအတွက်လည်း သောက်သုံးကြပါတယ်။

ပါရာစီတမော (Paracetamol) ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း (သို့မဟုတ်) ဆေးဘူးပေါ်တွင် ညွှန်ကြားထားတဲ့အတိုင်း သောက်သုံးသင့်ပါတယ်။ ပါရာစီတမော (Paracetamol) ကို တိုက်ရိုက်နေရောင်ခြည်နဲ့ မထိတွေ့တဲ့နေရာ၊ စိုစွတ်မှု မရှိတဲ့ နေရာ ဖြစ်တဲ့ ပုံမှန်အခန်းအပူချိန်မှာ သာ သိမ်းဆည်းသင့်ပါတယ်။ အကောင်းဆုံးကတော့ ဆေးဘူးအခွံမှာရှိတဲ့ ညွှန်ကြားချက်အတိုင်း သိမ်းဆည်းခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးဗူးတွေ၊ ဆေးလုံးတွေကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာ ထားပါ။

ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် ပါရာစီတမော (Paracetamol) ကို သောက်သုံးမယ်ဆိုလျှင် သားဖွားနှင့် မီးယပ် ဆရာဝန် နှင့် ပြသ တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။ ပါရာစီတမော (Paracetamol) ကို သောက်သုံးတဲ့အခါ တစ်ခါတစ်ရံ ဓါတ်မတည့်မှုများ အနေနဲ့ အောက်ပါ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဝမ်းမဲမဲသွားခြင်း၊ ဆီးနောက်ခြင်း နှင့် ဆီးတွင်သွေးပါခြင်း၊ ချမ်းတုန်ဖျားခြင်းနှင့် ရိုးရိုးဖျားခြင်း၊ ကျောပြင် နှင့် ခါးနာခြင်း (ဆိုးဆိုးရွားရွား ပြင်းထန်စွာ နာတတ်ပါတယ်။)၊ ခန္ဒာကိုယ်တွင် အနီစက်ထွက်ခြင်း၊ အရေပြား ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အနာပေါက်ခြင်းနှင့် ပါးစပ်နှုတ်ခမ်းများတွင် အဖြူဖတ်များဖြစ်ခြင်း၊ ဆီးသွားနည်းခြင်း၊ အလိုအလျောက်သွေးထွက်ခြင်း နှင့် သွေးခြည်ဥခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသား နှင့် မျက်လုံးဝါခြင်း တို့ ဖြစ်တတ်ပါတယ်။

ပါရာစီတမော (Paracetamol) က အခြားသော ဘယ်လို ဆေးတွေကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်လဲ?

သွေးရည်ကြည်တွင်းရှိ အတက်ကျဆေးများ (phenytoin၊ barbiturate၊ carbamazepine) ရဲ့ အာနိသင်များကို လျော့ကျစေပါတယ်။

Warfarin သွေးကျဲဆေးရဲ့ အစွမ်းသတ္တိများ တိုးပွားစေပါတယ်။

Domperideone၊ metoclopramide အအန်ပျောက်ဆေးများ၏ စုပ်ယူမှုအားကို ပိုကောင်းစေပါတယ်။

သွေးရည်ကြည်တွင်းရှိ ပိုးသတ်ဆေးများ chloramphenicol ၊ probenecid ရဲ့ ပမာဏ မြင့်တက်စေနိုင်ပါတယ်။

Cholestyramine သည်းခြေဆေးများရဲ့ စုပ်ယူမှုအားကို ကျဆင်းစေပါတယ်။

Phenothiazine စိတ်ရောဂါဆေးများသောက်နေလျှင် ဆိုးရွားစွာ ခန္တာကိုယ်တွင်း အပူချိန်ကျဆင်းခြင်း ကိုဖြစ်စေနိုင်ပါတယ်။

ဖော်ပြပါ ဆေးတွေကို အကျိုးသက်ရောက်စေတာကြောင့် ပါရာစီတမော (Paracetamol) ကို သောက်သုံးဖို့ လိုအပ်တဲ့အခါ ဆရာဝန်များကို ဖော်ပြပါ ဆေးဝါးတွေ သောက်သုံးနေကြောင်းကိုလည်း ပြောပြဖို့ လိုအပ်ပါတယ်။ မိမိသဘောအတိုင်း ဆေးများကို ပမာဏ ပြောင်းလဲ သောက်သုံးးခြင်းကို ရှောင်ကြဉ်ပါ။

ပါရာစီတမော (Paracetamol) သောက်သုံးဖို့ ကျော်သွားခြင်း၊ လွတ်သွားခြင်း၊ မေ့သွားခြင်းမျိုး ဖြစ်ခဲ့ပါက သတိရတဲ့အချိန်မှာ အမြန်ဆုံး သောက်သုံးပါ။ သို့သော် သောက်သုံးရမယ့် နောက်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုး မပြုလုပ်ပါနဲ့။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီးနောက် ကျန်းမာရေး ဗဟုသုတများ တိုးပွားစေမယ်လို့ ယုံကြည်ပါတယ်။

သတင်းအရင်းအမြစ် - ဒေါက်တာ ဇင်သူသူဝင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။