ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက် အမက မူလွန်ကျောင်းအတွင်းဝင်ရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲနေသူ ကျောင်းသားလူငယ်တစ်ဦးကို ဇန်နဝါရီလ ၂၇ ရက် ညနေ ၆ နာရီခန့်က ဖမ်းဆီးရမိကြောင်းသတင်းရရှိသည်။

ဖမ်းဆီးခံရသောလူငယ်မှာ စေတီတောင်ရပ်ကွက်၊ ဘုရားကြီးလမ်းတွင်နေထိုင်သူ အထက(၂)ကျောက်ဖြူမှ နဝမတန်းတွင် တက်ရောက် ပညာသင်ကြားနေသော အသက်(၁၇)နှစ် အရွယ် ကျောင်းသား တစ်ဦးဖြစ်ကြောင်းသိရသည်။

တတိယတန်း စာသင်ခန်းအတွင်း ခုံတန်းလျားပေါ်၌ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁)ပြားအား ခဲပြားစက္ကူပေါ်တွင်တင်လျက် ဂတ်စ်မီးခြစ်အပြာနှင့် မီးအပူပေးကာထွက်လာသောမီးခိုးငွေ့အား ပလပ်စတစ်(အအေးစုတ်)ပိုက်ငယ်ဖြင့် နှခေါင်းမှရှူလျက် ဖမ်းဆီးရမိကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှပြောသည်။

သတင်းအရ ရဲအုပ်ရဲထွန်း ဦးစီးပြီး မူးယစ်အထူးတပ်ဖွဲ့စုမှ(၄၈)မှ ရဲတပ်ကြပ်ကြီး ကျော်ဝင်း၊ စေတီတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်၊ စေတီတောင်ရပ်ကွက် အမက မူလွန်ကျောင်းအုပ်ဆရာကြီး ဦးမောင်ထွေး တို့မှ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းအမှုအား ဥပဒေအရ ရဲအုပ်ရဲထွန်းမှ တရားလိုလုပ်တိုင်တန်း၍ မမစ(ကဖ)မယ(ပ)၁/၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ - ၁၅/၁၆(ဂ)အရ အမှုဖွင့်အရေးယူထားပြီး ဒုရဲအုပ် အောင်မင်းသန်းမှ စစ်ဆေး၍ အမှုကွင်းဆက်တရားခံအား စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကျော်ဝင်း၊ ကျောက်ဖြူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။