မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် မြင်းခြံအကျဉ်းထောင် အတွင်း၌ ဖေဖော်ဝါရီ ၁ ရက် နံနက် ရ နာရီ ၀န်းကျင်တွင် ဆူပူမှု အနည်းငယ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမျိုးဟန်က “နံနက် ရ နာရီလောက်မှာ ထောင်ဆူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဓိက,ကတော့ ထောင်တွင်း ကျပ်တည်းမှုတွေ၊ အခက်အခဲတွေကြောင့်ပါ။ စဖြစ်တဲ့ အချိန်မှာပဲ ထောင်ပိုင်က ထိန်းလိုက်နိုင်တာကြောင့် အရင်တစ်ခေါက်ကလို အသံက အပြင်ကို သိပ်မထွက်လိုက်ဘူး။ မနက်ဖြန် အကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းမယ်လို့လည်း သိရတယ်” ဟု ထောင်ဆူပူမှု အခြေအနေနှင့် ပတ်သက်၍ ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြင်းခြံအကျဉ်းထောင်သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ “ထောင်တွင်းဆူပူမှု မရှိခဲ့ပါဘူး။ အဲဒီဖြစ်စဉ် မဟုတ်ပါဘူး” ဟုသာ ပြန်လည်ငြင်းဆိုခဲ့သည်။ မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထူးထံသို့ မေးမြန်းခဲ့မှုတွင်လည်း ဆူပူမှုမရှိခဲ့ဟု ပြန်လည် ဖြေကြားသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်ကလည်း မြင်းခြံထောင်တွင် ထောင်သား၂၀၀၀ ကျော်မှ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ အစားအသောက် ဆင်းရဲခြင်းနှင့် စည်းကမ်း တင်းကျပ်လွန်းခြင်းကြောင့် ထောင်ပိုင်ပြောင်းပေးရန် ဆန္ဒပြကြွေးကြော်ခဲ့မှု ဖြစ်ပွားခဲ့ရာ ထိုဆန္ဒပြကြွေးကြော်မှု ဖြစ်စဉ်ကို ရဲတပ်ဖွဲ့မှူးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အကျဉ်းသားများနှင့် ညှိနှိုင်းခဲ့ပြီး ပြေလည်ခဲ့သည်ဟု သိရသည်။

မြင်းခြံအကျဉ်းထောင်သည် လူဦးရေ ၁၀၀၀ ခန့်သာ ဆံ့သော်လည်း လက်ရှိ အကျဉ်းသားဦးရေ ၂၂၀၀ ကျော်ခန့်ထားရှိထားကြောင်း သိရသည်။

Credit., ယဉ်မျိုးသွယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။