ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ မနေ့က လူတဦးပစ်သတ်ခံရပြီးတဲ့နောက် ဒီကနေ့ မနက်မှာလည်း ကျောင်းဆရာတဦး ထပ်မံပစ်သတ်ခံရပါတယ်

ဖားကန့်နဲ့ တစ်မိုင်လောက်သာ ကွာဝေးတဲ့ နမ့်မဖြစ်ကျေးရွာအုပ်စု အလယ်တန်းကျောင်းမှာ ဒီကနေ့မနက် ၈ နာရီ ၄၅ မိနစ်က နိုင်ငံတော်အလံအလေးပြု တန်းစီကြစဉ် ဆိုင်ကယ်နဲ့လူ ၃ ဦး ရောက်လာပြီး အလယ်တန်းပြဆရာ ကိုကျော်ဇင်ထွန်းကို မေးမြန်းစရာရှိလို့ ဆိုပြီး ကျောင်းအုပ်ဆရာမကြီးထံ ခွင့်ပန်ကာ ခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ခံရတာလို့ သေဆုံးသူအလောင်းကို ဆေးရုံမှာသွားရောက်ကြည့်ရှုခဲ့တဲ့ ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“လူ ၃ ယောက်လာခေါ်တယ် ဆိုင်ကယ်နဲ့။ ဆရာမကြီးကို ပြောသွားတယ်၊ သူ့ကို ခဏလူကြီးတွေက ဆွေးနွေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ။ သူ့နောက်ကလည်း ကျောင်းဆရာ တယောက် လိုက်သွားတယ်၊ ဒါပေမယ့် မမီလိုက်တော့ဘူး။ ကျောင်းနဲ့ဆိုရင် ဥရုချောင်းပဲဲခြားတယ်။ တမိုင်တောင်မရှိပါဘူး၊ ၃ ဖာလုံ ၄ ဖာလုံလောက်အကွာ အဲဒီမှာ ကျောက်စိမ်းတောင်မြေစာပုံ ရှိတယ်၊ အဲဒီမှာ ခေါင်းမှာ ၂ ချက် ပစ်သတ်ထားခဲ့တာ၊ အဲဒီမှာတင် ဆုံးသွားတာပေါ့ဗျာ။”

ကျောင်းဆရာ ကိုကျော်ဇင်ထွန်းဟာ အသက် ၂၇ နှစ်ရွယ်ရှိပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ရွာဇာတိ ရှမ်းနီလူမျိုးတဦးဖြစ်ကြောင်း၊ တခြားလူမှုရေးအရှုပ်အရှင်းမရှိဘဲ လူမှုရေး လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ကူညီတတ်သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က ကျောင်းသားတစ်ချို့ ဖားကန့်မှာလုပ်တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို သွားရောက်ခဲ့ကြောင်း၊ ဒါပေမယ့် တချို့ကျောင်းသားတွေက ခွင့်တိုင်ကြားခြင်း မရှိလို့ ဆရာကျော်ဇင်ထွန်းက ဆုံးမတဲ့အနေနဲ့ ရိုက်နှက်ခဲ့ပြီး ကျောင်းသားမိဘတွေကြား မကျေနပ်မှုတွေရှိခဲ့ကြောင်း၊ မိဘတွေက ကေအိုင်အေထံ သွားရောက်တိုင်ကြားခဲ့တာလည်း ရှိလို့ သူ့ကို အခုလို လာခေါ်ပြီး ပစ်သတ်သွားတာ ကေအိုင်အေဘက်ကဖြစ်နိုင်တယ်လို့ ဒေသခံတွေကြား ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။

အခုလို ၂၄ နာရီတွင်း လူ ၂ ဦး ပစ်သတ်ခံရတဲ့အပေါ် ဒေသခံတွေက ကေအိုင်အေစစ်သားတွေကို အများဆုံး သံသယထားပေမယ့် ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး တန်ဆိုင်းကတော့ သူတို့အဖွဲ့ကမဟုတ်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ဖားကန့်မှာ ကေအိုင်အေအနေနဲ့ ကျနော်က တာဝန်ရှိတယ်ဆိုတော့ ကျနော်တို့ကတော့ လုံးဝ မဟုတ်ဘူးလို့ဘဲ ပြောချင်ပါတယ်။ ဖားကန့်မှာ ဒါမျိုးဖြစ်ရိုးဖြစ်စဉ်က ခဏခဏလေ။ စီးပွားရေးသမား ဆိုရင် သူတို့ဟာသူတို့ စီးပွွါးရေးပြဿ နာ ဝေစုမတည့်တာတို့ ဘာတို့ရှိမှာပေါ့၊ ပြည်သူလူထု လုပ်ကိုင်စားသောက်နေတဲ့ နေရာ ကျနော်တို့က အကြမ်းဖက်တာမျိုး လုံးဝမရှိဘူး၊ မူဝါဒမရှိဘူးလို့ ပြောချင်တယ်။ ဟိုနမ့်မဖြစ်ကျောင်းမှာ ပြဿ နာဖြစ်တယ်ဆိုတာ ကြားမိပေမယ့် ကျနော်တို့သား သမီးတွေကို စာသင်ပေးနေတဲ့ မြတ်ဆရာကို ကျနာ်တို့က ကျေးဇူးတင်ရမှာ။ ဒီလိုသတ်တယ်ဆိုတာ ကျနော်တို့ လုံးဝမဟုတ်ဘူးလို့ ပြောချင်တယ်။ ကျနော့်နယ်မြေထဲမှာ သတ်တယ်ဖြတ်တယ်ဆိုရင် ကေအိုင်အေကိုပဲ လက်ညှိုးထိုးတယ်ဆိုတာ မလိုလားတဲ့သူတွေက ကျနော်တို့ကို ပြဿ နာဖြစ်အောင်၊ အစိုးရတပ်နဲ့ ကျနော်တို့ ထိပ်တိုက်တွေ့အောင် ခွင်ဆင်နေတာပဲလို့ ပြောချင်တယ်။”

ဖားကန့်ဒေသဟာ ကျောက်စိမ်းထွက်ရာ ဒေသဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က ကျောက်ကုန်သည် စီးပွားရေးသမားတွေနဲ့ ရေမဆေးကျောက်ရှာသမားတွေ ကျင်လည်ရာ နေရာတခုဖြစ်ပြီး တရားခံမပေါ်တဲ့ လူသတ်မှုတွေ၊ မြေစာပုံပြိုကျပြီး လူသေဆုံးမှုတွေ မကြာခဏဖြစ်ပွွားနေပါတယ်။

မနေ့ညကလည်း လုံးခင်းအုပ်စု ဆွတ်အောင်ကျေးရွာ တောက်ပကြယ်ကုမ္ပဏီလုပ်ကွက်မှာ ရေမဆေးကျောက်ရှာနေသူ အမျိုးသမီးတစ်ဦး သူ့ခေါင်းပေါ်ကို မြေစာပုံထဲပါလာတဲ့ ကျောက်ခဲတုံး ထိခိုက်မိပြီး သေဆုံးခဲ့ရတယ်လို့ ဦးတင်စိုးက ပြောသွားပါတယ်။

Credit - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။