မြန်မာနိုင်ငံ၏ ပထမဆုံး သိပ္ပံဇာတ်ကားရိုက်ကူးမည့် ဒါရိုက်တာညိုမင်းလွင်

မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ညိုမင်းလွင်ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသိပ္ပံဇာတ်ကား ဖြစ်လာမည့် Anada: Rise of Notra ဇာတ်ကားကို ရိုက်ကူးထားပြီး ယခုအခါ ဆင်ဆာအဖွဲ့မှ အကဲဖြတ်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ ဒါရိုက်တာညိုမင်းဟာ သည်ဇာတ်ကားနဲ့ပတ်သတ်ပြီး သူ့ရဲ့ ဖေ့စဘုတ်စာမျက်နှာမှာ ယခုလိုရေးသားဖော်ပြထားတာတွေ့ရပါတယ်……

လေးစားအပ်ပါသောမြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်များနှင့်တကွပရိသတ်များသို့......

ကျွန်တော် လပေါင်းများစွာမျှော်လင့်စောင့်စားနေခဲ့သောနေ့သို့

အမှန်တကယ်ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်၊

မြန်မာနိုင်ငံ၏ပထမဆုံးသိပ္ပံဇာတ်ကားအဖြစ်ရိုက်ကူးခဲ့သော

Ananda: Rise of Notra ရုပ်ရှင်ဇာတ်ကားကို

ယနေ့ဆင်ဆာကြည့်ရှုတော့မည်ဖြစ်ပါသည်၊

Ananda ဇာတ်ကားကို ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးမှ

ပထမဆုံးထုတ်လုပ်ရိုက်ကူးသောရုပ်ရှင်အဖြစ် တစ်နှစ်နီးပါးခန့်အချိန်ကာလအတွင်း 69 Duties အထိရိုက်ကူးခဲ့ရသည်၊

ကျွန်တော်၏ကိုယ်ပိုင်အားလပ်ချိန်များ၊မိသားစုပိုင်အချိန်များအားလုံးကိုစွန့်လွှတ်ခဲ့ရသည်၊

ကွန်ပျူတာရှေ့မှာအချိန်ပေါင်းများစွာကုန်ဆုံးရင်း ပျက်ကွက်ခဲ့ရသော လူမှုရေးများ၊မိတ်ဆွေအပေါင်းအသင်းများ၏ မသိကျိုးကျွန်ပြုမှုများက ဘယ်သောအခါမှ တောင်းပန်လို့ဆုံးနိုင်တော့မည်မထင်ပါ...

သို့သော် ကျွန်တော်သည်အရာအားလုံးကို မသိချင်ယောင်ဆောင် ကျောခိုင်း၍ Ananda ဆိုသည့်ဇာတ်ကားတစ်ကား ပရိသတ်ရှေ့သို့ရောက်ရှိလာရေးကို ပထမဦးစားပေးနေရာမှာထားခဲ့သည်၊

အပြောင်းအလဲတစ်ခုအတွက်ကြိုးစားအကောင်အထည်ဖေါ်ရင်း ကျွန်တော်ကိုယ်တိုင်အပြောင်းအလဲပေါင်းများစွာကြုံတွေ့ခဲ့ရသည်၊

တစ်ခါတစ်ရံတော့...

ငါဘာအတွက်လုပ်နေတာပါလိမ့် ဟု ပြန်တွေးမိခဲ့သောအချိန်တချို့ရှိခဲ့ဖူးပါကြောင်း ဝန်ခံလိုပါသည်၊

Ananda ကိုနာမည်ကျော်ကြားလိုမှုအတွက်ရိုက်သည်ဆိုပါလျှင် အခန့်မသင့်ရင် အဆဲပါခံရနိုင်သောဇာတ်ကားမျိုးကို ရွေးချယ်တာအတော်လေးကိုမိုက်မဲရာကျသည်ဟုပြောနိူင်သည်၊

ဒါဆိုရင်ငွေကြေးအကျိုးအမြတ်အတွက်လားလို့မေးလာလျှင်တော့ ပိုတောင်မှဝေးပါသေးသည်၊ စ တင်မရိုက်ကူးခင်ကကြည့်လျှင် ဘယ်လောက်ကြာမည်မှန်းမသိ၊ ဘယ်လောက်ကုန်ကျမည်မှန်းမသိ၊ အချို့သောမိတ်ဆွေများခန့်မှန်းခဲ့သည့်အတိုင်းဆိုလျှင် ပြီးဖို့တောင်မသေချာသောဇာတ်ကားကို ငွေကြေးအကျိုးအမြတ်တွက်ချက်ခန့်မှန်းဖို့ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်သောကိစ္စဖြစ်သည်၊

ဒါဆိုရင် ဘာရှိသေးလို့လဲ...

အနုပညာသမားတစ်ယောက်အတွက် နာမည် ဒါမှမဟုတ် ငွေ...

အဲဒီနှစ်ခုမှမဟုတ်ဘူးဆိုလျှင် တခြားဘာများရှိနေသေးလို့လဲ...

အမှန်တကယ်တော့ ရှိနေပါသေးသည်၊

မြန်မာ့ရုပ်ရှင်လောကတွင် ရှိသင့်သည်ဟုယုံကြည်သော

ရုပ်ရှင်အမျိုးအစားတစ်ခုကို မဖြစ်နိုင်မှုပေါင်းများစွာ၊

ကြိုတင်ဝေဖန်ထားနှင့်သောပြစ်တင်ရှုံ့ချသံများ များစွာ၊

တစ်စစီပဲ့ထွက်လာခဲ့သော ခံစားချက်များစွာထဲမှ

ကြိုးစားအကောင်အထည်ဖော်ခဲ့ရခြင်းဖြစ်ပါသည်၊

မည်သို့ပင်ဖြစ်ခဲ့ပါစေ...

နောက်ဆုံးတော့ ကျွန်တော်စောင့်နေခဲ့သောနေ့တစ်နေ့သည်

အမှန်တကယ်ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်၊

နောင်လာမည့်အနာဂါတ်တွင်

ကျွန်တော့်ထက်အဆပေါင်းများစွာ သာလွန်ကောင်းမွန်သောမြန်မာသိပ္ပံရုပ်ရှင်ဇာတ်ကားများကို

လူငယ်များဆက်လက်ဖန်တီးနိုင်ကြပါစေ ဟု

လေးလေးနက်နက်မျှော်လင့်ဆုတောင်းပေးလိုက်ရပါသည်၊

အဲဒီအချိန်လောက်မှာ Ananda ကိုဖန်တီးခဲ့သည့်ဒါရိုက်တာတစ်ဦးအနေနှင့်

ကျွန်တော့်မြေးလေးနှင့်အတူထိုင်ကြည့်ခွင့်ရရင်ကိုပဲ

Ananda ကိုရိုက်ခဲ့ရကျိုးနပ်သည်ဟုယူဆပါသည်၊

တကယ်တမ်းတော့...

ကျွန်တော်တို့ဘဝမှာ ငွေကြေး၊နာမည်ကျော်ကြားမှုများအပြင်

နောက်ထပ်အရေးကြီးသောအရာများ ရှိနေပါသေးသည်......

Sincerely yours,

ညိုမင်းလွင်

Source: Nyo Min Lwin

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။