သြဂုတ် ၂ ရက်နေ့က ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ကျန်ထပူရီခရိုင် အုပ်ချုပ်ရေးရုံးရှေ့တွင် ဓားဖြင့်ခြိမ်းခြောက်သူတစ်ဦးကို လက်ထောက်ခရိုင်ဝန်အမျိုးသမီး သွားရောက်ဖျန်ဖြေ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်ကတော့ လူတစ်ဦးဟာ ရပ်ထားတဲ့ ဟိုင်းလပ်စ်ကားပေါ်ကနေ ဓားနဲ့ သူ့လည်ပင်းသူ ပြန်ထောက်ပြီး တရားမျှတမှုရရှိရေးအတွက် ခြိမ်းခြောက် ဆန္ဒပြနေခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဖြစ်ရပ်ကြောင့် အုပ်ချုပ်ရေးရုံးမှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီး ခနအကြာမှာ လက်ထောက်ခရိုင်ဝန်အမျိုးသမီး ရောက်ရှိလာပြီး အဲဒီလူကို လက်ကမ်းခေါ်ကာ လက်ထဲကဓားကိုလည်း သိမ်းယူလိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ 

အဆိုပါဖြစ်ရပ်ကို မှတ်တမ်းထားတဲ့ဗီဒီယိုဖိုင်တစ်ခုဟာလည်း လူမှုကွန်ရက်မှာအရမ်းကို ပျံ့နှံ့သွားခဲ့ပြီး သတ္တိရှိတဲ့ လက်ထောက်ခရိုင်ဝန် အမျိုးသမီးကို ပြည်သူတွေက ဝိုင်းဝန်းချီးမွမ်းနေကြတာပဲဖြစ်ပါတယ်။ ကားပေါ်ကနေ မိမိလည်ပင်း ဓားပြန်ထောက်နေသူကတော့ အသက် ၄၃ နှစ်အရွယ် နိုင်းအိစရစ် ဆိုသူဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လက စားသောက်ဆိုင်တဆိုင်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အမှုနဲ့ ပါဝင်ပတ်သက်နေတယ်လို့သိရပါတယ်။အဲဒီခိုက်ရန်ဖြစ်ပွားမှုမှာ ထိုအမျိုးသားဟာ အရိုက်နှက်ခံရသူ ဖြစ်ပေမယ့်လည်း တရားရုံးက သူ့ကို တရားခံအဖြစ် ပြစ်ဒဏ်ချမှတ်ခဲ့တာကြောင့် တရားမျှတမှု မရှိဘူးလို့ဆိုကာ အခုလိုဆန္ဒပြခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ရဲ့တိုင်ကြားချက်အပေါ်မှာလည်း ဘယ်သူမှအရေးယူဆောင်ရွက်တာမရှိခဲ့တာကြောင့် ခရိုင်ရုံးရှေ့မှာ လာရောက်ဆန္ဒပြဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူရဲ့ အဲဒီလိုဆန္ဒပြရတဲ့အကြောင်းအရင်းကို သိရတဲ့အတွက် ခရိုင်ဝန်က သူ့ထံဖုန်းဆက်ပြီး လက်ထောက်ခရိုင်ဝန် အမျိုးသမီး နန်းကန်ပရိမ်ပရီကို ပြောဆို ညှိနှိုင်းစေခဲ့တာပဲဖြစ်ပါတယ်။လက်ထောက်ခရိုင်ဝန် အမျိုးသမီးက ဖုန်းနဲ့ညှိနှိုင်း ပြေလည်မှုရပြီးတဲ့နောက် အောက်ကိုဆင်းလာပြီး သူ့လက်ထဲကဓားကို သိမ်းယူနိုင်ခဲ့ကာ ထိုဓားကိုင်ဆောင်ထားတဲ့ အမျိုးသားကိုဖမ်းဆီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။