Apple ဟာ တတိယသုံးလပတ် ဘဏ္ဍာရေးအစီရင်ခံစာကို ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ရာမှာ Wall Street က မျှော်မှန်းထားတာထက် ရလဒ်တွေ ကောင်းမွန်ခဲ့တာကြောင့် ရှယ်ယာတန်ဖိုးတွေ ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။ဒါ့ကြောင့်Apple ဟာ သြဂုတ်လ ၂ ရက်နေ့မှာ ပထမဆုံး ၁ ထရီလျံဒေါ်လာတန်ကြေးရှိ အများပိုင် U.S ကုမ္ပဏီအဖြစ် မှတ်တမ်း ရေးထိုးလိုက်နိုင်ပြီ ဖြစ်ပါတယ်။အစီရင်ခံစာထုတ်ပြန်ပြီး နောက်ထပ် ၂ ရက်အကြာ၊ ကြာသပတေးနေ့ အရောက်မှာတော့ Apple ရဲ့ စတော့ရှယ်ယာ တစ်စုတန်ဖိုးဟာ ၂၀၇ ဒဿမ ၀၅ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး၊ ကုမ္ပဏီရဲ့ ဈေးကွက် တန်ကြေးကလည်း ၁ ထရီလျံ အမှတ်ကို ကျော်လွန်သွားခဲ့တာပါ။

အခုဆိုရင် Apple ရဲ့ စတော့ဈေးကွက်တန်ဖိုးဟာ UK ရဲ့ GDP တန်ဖိုးစုစုပေါင်း သုံးပုံတပုံပါ ကျော်လွန်နေပြီ ဖြစ်ပြီး၊ တူရကီနဲ့ ဆွစ်ဇာလန်နိုင်ငံ တနိုင်ငံချင်းစီရဲ့ GDP ထက်ကို များပြားနေပြီ ဖြစ်ပါတယ်။Apple ထက် အရင် ၁ ထရီလျံ ဒေါ်လာတန် ကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံခဲ့ရတာကတော့ တရုတ်အခြေစိုက် PetroChina ကုမ္ပဏီ ဖြစ်ပါတယ်။ PetroChina ဟာ ၂၀၀၇ ခုနှစ်မှာ IPO စတင်ထုတ်ရောင်းပြီး ကမ္ဘာ့ပထမဆုံး ၁ ထရီလျံတန် အများပိုင် ကုမ္ပဏီအဖြစ် ရောက်ရှိခဲ့ပေမယ့်၊ ကုမ္ပဏီရှယ်ယာ စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းကိုသာ စတော့ဈေးကွက်တွင်း အများပြည်သူကို ထုတ်ရောင်းခဲ့တာကြောင့် ကုမ္ပဏီဈေးကွက်တန်ဖိုးအပေါ် အငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။

သေချာတာတခုကတော့ Apple ဟာ လက်ရှိမှာ ၁ ထရီလျံတန်ကြေးရှိတဲ့ တခုတည်းသော အများပိုင် ကုမ္ပဏီ ဖြစ်ပြီး၊ အမေရိကန်ရဲ့ ပထမဆုံး ၁ ထရီလျံတန် ကုမ္ပဏီလည်းဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင် အချိန်အတွင်းမှာ တခြား အမေရိကန် ကုမ္ပဏီတွေလည်း ဒီစာရင်းမှာ ပါလာတော့မှာပါ။Apple ပြီးနောက် ၁ ထရီလျံတန်ကြေးရှိ ကုမ္ပဏီဖြစ်ဖို့ နီးကပ်နေတဲ့ ကုမ္ပဏီတွေကတော့ အမေရိကန်အခြေစိုက် နည်းပညာ ကုမ္ပဏီကြီးတွေပဲဖြစ်တဲ့ Amazon, Alphabet (Google) နဲ့ Microsoft တို့ ဖြစ်ပါတယ်။

Source -  Fortune/The Guardian

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။