ဘဝရဲ့အကြောင်းအရာတွေကို သီိချင်းအဖြစ်ဖန်တီးလိုက်တဲ့

5 Star လူရွှင်တော်အဖွဲ့မှ ကြာစိနှင့် တွေ့ဆုံခြင်း

အမေမသေခင်တစ်ရက်ပေါ့။ အမက အခြေအနေမကောင်းဘူးဆိုတာ ကျွန်တော်သိတယ်။ အမေရဲ့ နောက်ဆုံးအချိန်မှာ အမေက ကျွန်တော် မန္တလေးမှာ ပွဲကရမယ်ဆိုတာသိတယ်။ ကျွန်တော်က ပွဲတစ်ဖက် အမေတဖတ်နဲ့ ဘာလုပ်ရမှန်းမသိဘူး။ အဲ့အချိန်မှာ အမေက အောက်စီဂျင်တန်းလန်းနဲ့ ကျွန်တော့်ကို ပွဲသွားကဖို့ လက်နဲ့ သွားတော့ဆိုပြီး

5 star လူရွှင်တော်အဖွဲ့၏ ၁၀ ပြည့်အထိမ်းအမှတ်တွင် ထွက်ရှိမည့် 5 star to day တေးစီးရီးအခွေတွင် လူရွှင်တော်ကြာစိ၏ ဘဝအကြောင်းအချို့ပါဝင်ထားပါတယ်။ ဘဝရဲ့အကြောင်းအရာတွေကို သီိချင်းအဖြစ်ဖန်တီးလိုက်တဲ့ ကြာစိကို သီိချင်းတွင် ပါဝင်သော အကြောင်းအရာ များနဲ့အတူ ဘဝအကြောင်းအချို့ကို မေးဖြစ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ ကိုကြာစိ ဒီအခွေမှာ ဘယ်အခန်းကဏ္ဍကနေပါဝင်ဖြစ်ခဲ့လဲ။

ဖြေ။ ။ ဒီအခွေမှာ ကျွန်တော်ကဘာမှတော့ သိပ်မများဘူး။ ကျွန်တော်တို့တွေ သီချင်းတစ်ယောက်တစ်ပုဒ်စီ ဆိုရမယ်ဆိုတော့ ကျွန်တော့်ဘဝအကြောင်းကို ကိုမျောက်ရှုံးကို ပြောပြတယ်။ သူကရေးပေးတယ်။ ကျွန်တော်က ဆိုတယ်။ နောက်ပြီး ကျွန်တော်တို့ ဒီအခွေလုပ်ဖို့ ကျွန်တော်ကားကို ကျပ်သိန်း ၂၀၀ နဲ့ ပေါင်လိုက်တယ်။ ပရိသတ်အားပေးရင်တော့ ကားပြန်ရွေးနိုင်မယ်။ ဒါကြောင့် ကားပြန်ရွေးချင်လို့ ပရိသတ်အားပေးစေချင်တယ်။

မေး။ ။ ကိုကြာစိရဲ့ဘဝအကြောင်းဆိုတော့ ဘယ်လိုအခြေအနေပုံစံမျိုးလဲ။

ဖြေ။ ။ ကျွန်တော်ဘဝအကြောင်းလေးကို ကျွန်တော်ကိုယ်တိုင်ရေးခြင်တာ၊ ဒါပေမယ့် ဂစ်တာမတီးတက်ဘူး။ သံစဉ်လေးတွေ ဖန်တီးတယ်။ ဖန်တီးပြီး ပျောက်သွားတယ်။ ပါးစပ်နဲ့ပဲ ဖန်တီးဖြစ်တာပေါ့။ ဒါနဲ့ ကျွန်တော် နောက်တော့ ကိုမျောက်ရှုံးကို ပြောပြတယ်ပေါ့။ ဘဝအကြောင်းဆိုတာကလည်း အမေနဲ့ ပတ်သတ်ပြီးတော့ ရေးထားတာပါ။

မေး။ ။ အမေနဲ့ ပတ်သတ်ပြီး ဘယ်လိုအကြောင်းအရာတွေပါလဲ။

ဖြေ။ ။ ဒီလိုဗျ၊ အမေမသေခင်တစ်ရက်ပေါ့။ အမက အခြေအနေမကောင်းဘူးဆိုတာ ကျွန်တော်သိတယ်။ အမေရဲ့ နောက်ဆုံးအချိန်မှာ အမေက ကျွန်တော် မန္တလေးမှာ ပွဲကရမယ်ဆိုတာသိတယ်။ ကျွန်တော်က ပွဲတစ်ဖက် အမေတဖတ်နဲ့ ဘာလုပ်ရမှန်းမသိဘူး။ အဲ့အချိန်မှာ အမေက အောက်စီဂျင်တန်းလန်းနဲ့ ကျွန်တော့်ကို ပွဲသွားကဖို့ လက်နဲ့ သွားတော့ဆိုပြီး နာရီကို ကြည့်ပြီးပြတယ်။ ကျွန်တော်အဲ့အချိန်တုန်းက ပွဲကို ဖျက်ချင်ပေမယ့် ကျွန်တော်တို့က ပွဲကိုကြေငြာပြီးသားလေ။ ဒီပွဲမှာ ကျွန်တော်မပါရင် ပရိသတ်ကို ညာသလိုဖြစ်မှာ ဒါ့ကြောင့် ပွဲသွားခဲ့တယ်။ ပွဲမှာကနေရင်း၊ ဟာသတွေ လုပ်ရင်းအမေကို သတိရမိတယ်။ ဒါပေမယ့် ကျွန်တော်မနည်းကြိုးစားခဲ့တယ်ပေါ့။ ပွဲခဏနားတယ်။ အစ်မကြီးဆီဖုန်းတယ်။ အစ်မကပွဲပြီးပြီလား မေးတယ်။ မပြီးသေးဘူး ပြောတော့ အမေနဲ့ ပတ်သတ်ပြီး ဘာမှမပြော။ ပထမပိုင်းပွဲကပြီးတော့ ပွဲပြီးပြီဆိုပြီး အစ်မကြီးဆီဆက်လိုက်တယ်။ အစ်မက အမေဆုံးပြီလို့ပြောတယ်။ နောက်ကျွန်တော် ဒုတိယအပိုင်းမှာ ကျွန်တော်ကပေးရမယ့် အပိုင်းတွေကပြီးတာနဲ့ ကျွန်တော်ပြန်လာတယ်။ ရန်ကုန်ကို မနက် ၉ နာရီရောက်တယ်။ ဒါပေမယ့် အမေဆီမရောက်ဖြစ်သေးဘူး။ ခေတ်သစ်ဧကရီအငြိမ့်ရိုက်ကူးရေးအတွက်အ ပြတ်ဖြတ်ပေးရမယ် ဆိုလို့ အပြတ်ဖြတ်ပေးတယ်။ အမေအသုဘချဖို့က ကျွန်တော့်ကို စောင့်နေရတာပေါ့။ အဲ့ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ရေးထားတာပါ။

မေး။ ။ အခုသီချင်းဆိုတဲ့ အပိုင်းမှာ ရောအခက်အခဲတွေရှိလား။

ဖြေ။ ။ အခက်အခဲသိပ်မရှိပေမယ့် သီချင်းဆိုနေရင်းငိုချင်လာတဲ့ အတွက် အသံယိုင်သွားတာတွေရှိတယ်။ ဒါကြောင့် ပရိသတ်အနေနဲ့ ကျွန်တော့်သီချင်းနားထောင်ရင်သည်းခံပေးပါလို့။

မေး။ ။ ကိုကြာစိရဲ့ အိမ်ထောင်ရေးအခြေအနေလေးပါ ပြောပြပေးပါလား။

ဖြေ။ ။ ကျွန်တော်က လက်ရှိမှာ တစ်ခုလပ်ပါ။ ကျွန်တော်အနေနဲ့ နောက်ထပ်အိမ်ထောင်ထပ်မပြုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကလေးရှေ့ရေးကြောင့်ပါ။ ကလေးရှေ့ရေးကောင်းဖို့ပဲ ဦးစားပေးချင်တယ်။ ကလေးတွေ မျက်နှာမငယ်စေချင်ဘူး။ ဒါကြောင့်နောက်ထပ်အိမ်ထောင်တစ်ခုကို မထူထောင်တော့ပါဘူး။

မေး။ ။ လက်ရှိမှာတစ်ကိုယ်တော်လှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ။ ။ ကျွန်တော်ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ကားရိုက်နေပါတယ်။

မေး။ ။ ပရိသတ်ကိုရောဘာများပြောချင်သေးလဲ။

ဖြေ။ ။ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဒီအခွေထွက်မယ်။ ဒဂုံစင်တာ ၂ မှာ လက်မှတ်ထိုးပြီး ဖျော်ဖြေမယ်။ ၃ နာရီမှာ စမယ်။ ပရိသတ်အားလုံးလာခဲ့ပါ။ မတူတဲ့ ရသတွေကို ရမှာပါလို့ပြောချင်တယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Credit - ရတနာပုံသတင်းစာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။