ခေါင်းတစ်ခြမ်း ကိုက်တတ်တဲ့ သူတွေက မကြာခဏ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရတတ်ပါတယ်။ ခေါင်းတစ်ခါကိုက်ရင် လုပ်နေကျ အလုပ်တွေတောင် မလုပ်နိုင်လောက်အောင် ခံစားရတာမျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ခေါင်းတစ်ခြမ်း ကိုက်တဲ့ဘက်က တူကြတာ များပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တိုင်း Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါ) လို့ ပြောလို့ မရပါဘူး။ အခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ အဓိက အကြောင်းအရင်းကို သိရှိပြီးမှသာ သေချာစွာ ကုသဖို့ လိုအပ်ပါတယ်။ Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါ) က အမျိုးသမီး တွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တောင်ဖြစ်ပုံခြင်းလည်း မတူတတ်ကြပါဘူး။

အချို့က ခေါင်းမကိုက်ခင် တစ်နာရီလောက်အတွင်းမှာ တစ်ခုခုကို ကြိုပြီး ခံစားရတတ်ကြပါတယ်။ အမြင်အာရုံပြာလာတာ၊ အမည်းစက်တွေ၊ လိုင်းတွေပေါ်နေတတ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မလှုပ်နိုင်တာ၊ ထုံကျင်တာ၊ စကားလိပ်တာ၊ လေဖြတ်သလို ခံစားရတာ စတာတွေ ဖြစ်တတ်ကြပါတယ်။ Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါ) ကြောင့်ဖြစ်တာတွေက အများဆုံးနာရီဝက်ပဲ ကြာတာပါ။ ပြီးရင် ပြန်ကောင်း လာပါတယ်။ အချို့တော့ ဒီလိုမဖြစ်ဘဲ ခေါင်းပဲ ကိုက်တတ်ကြပါတယ်။ Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါ) ကြောင့် ခေါင်းကိုက်တဲ့အခါ အထဲကနေ ထိုးပြီး ကိုက်နေသလို ခံစားရပါတယ်။ ခေါင်းတစ်ခါ ကိုက်ရင် ၄ နာရီကနေ ၇ နာရီအထိ ကြာနိုင်ပြီး ပျို့တာ၊ အန်တာ၊ အလင်းရောင် မခံနိုင်တာတွေကိုပါ နောက်ဆက်တွဲ ခံစားရနိုင်ပါတယ်။

စိတ်ဖိစီးမှု များခြင်း၊ သန္ဓေတားဆေး မီဝဲသုံးစွဲ နေခြင်း၊ ချောကလက် နှင့် ချိစ် စားသုံးမှု လွန်ကဲခြင်း၊ အရက်၊ coffee တို့ များစွာ သောက်သုံးခြင်း စတဲ့ သူတွေမှာ Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါ) ဖြစ်နိုင်ခြေ ပိုများပါတယ်။ Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါ) ဖြစ်တဲ့သူတွေက ဆေးသောက်တဲ့အခါ ပျောက်သွားပြီး နောက်ပိုင်း ပြန်ဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါ) က စစ်ဆေးမှုတွေလုပ်လည်း ဘာမှ မတွေ့ရတတ်တာမို့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို လျှော့ချရပါတယ်။

ခေါင်းကိုက်ခြင်းကို သက်သာစေဖို့အတွက် ရေနွေးအိတ်ကပ်ခြင်း၊ ရေခဲကပ်ခြင်း၊ အကြောလျော့ခြင်း၊ လေ့ကျင့်ခန်း လုပ်ပေးခြင်း၊ ယောဂ ကျင့်ခြင်း၊ တရားထိုင်ခြင်း၊ Vitamin B2 ၊ မဂ္ဂနီစီယမ်တို့ ကို သောက်သုံးပေးခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါ) ကို တစ်လထဲမှာ ၂ ကြိမ်နှင့် အထက် ဖြစ်ခြင်း၊ ၁၅ရက်ကျော်လောက် ခေါင်းကိုက်နေခြင်း ဆိုရင်တော့ ဆရာဝန်နှင့် မဖြစ်မနေ ပြသတိုင်ပင်ပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

အားလုံးပဲ ကျန်းမာရေး ဗဟုသုတများတိုးပွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။

သတင်းအရင်းအမြစ် - Dr. CST 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။