၈ လောင်းပြိုင် သံသယဖြစ်ဖွယ် ကားမီးလောင်မှုတွင် ကားပေါ်မှ ဆင်းလာသူမှာ တစ်ဦးတည်းမဟုတ်ပဲ နှစ်ဦးဖြစ်နေဟု ဆို

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီတွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး လေးမိုင်တွင် Hiace အံစာတုံးကား မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အမျိုးသားတစ်ဦး၊ အမျိုးသမီး ခုနှစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးလွတ်မြောက်ခဲ့သည်ကို စာဖတ်ပရိသတ်များ သိရှိခဲ့ပြီးဖြစ်သည်။

အဆိုပါဖြစ်စဉ်သည် ကားမီးလောင်မှုဖြစ်သည်ထက် ကားထဲမှ သေဆုံးခဲ့သည့် လူရှစ်ဦး ရုန်းကန်မှုမရှိခြင်း၊ ယာဉ်မောင်းသေဆုံးသွားပြီဟု ပြောဆိုပြီးကာမှ အသက်ရှင်လွတ်မြောက်သူမှာ ယာဉ်မောင်းသူဖြစ်နေခြင်း စသည့်အချက်များအပြင် ဝေဖန်သံမျိုးစုံဖြင့် လူမှုပတ်ဝန်းကျင်၌ အကျော်ကြားဆုံးဖြစ်ရပ်ဖြစ်ပြီး ယနေ့တိုင် လူတိုင်းမေ့မရသည့် ဖြစ်စဉ်ဖြစ်ခဲ့သည်။

ထိုနောက် ယာဉ်မောင်းသူ အောင်ခန့် အား အမြန်လမ်းရဲတပ်ဖွဲ့မှ အမှုဖွင့်ခဲ့ပြီး CID ဌာနသို့ ယင်းအမှုအား ကိုင်တွယ်ရန် လွှဲပြောင်းပေးခဲ့သည်။ အောင်ခန့်၏ ထွက်ဆိုချက်နှင့် အခင်းဖြစ်ပွားရာ မြေပြင်နေရာဉ် ကျန်ရှိနေသည့် ပစည်းများ သက်သေဗီဒီယိုဖိုင်များနှင့် မျက်မြင်သက်သေတို့၏ ထွက်ဆိုချက်များသည် လွဲမှားနေကြောင်း တွေ့ခဲ့ရသည်။

အခင်းဖြစ်ပွားတဲ့နေရာမှာ ပထမဦးဆုံးရှိနေသည့်လူများ

Hiace ကားမတိုက်မီအချိန်နှင့် မီးမလောင်ခင်အချိန် အနည်းငယ်တွင် (ရန်ကုန် မှ နေပြည်တော် သွားသည့် ဘက်ခြမ်း ကားလမ်းမှ) နေပြည်တော်မှ ရန်ကုန်ပြန်လာသည့် ကားလမ်းဘက်သို့ ဆိုင်ကယ်ဖြင့် လမ်းဖြတ်ကူးရန်အတွက် ကွေ့ကြောပေးထားသည့် နေရာတွင် စောင့်စားနေသည့် တောင်သူ ခုနှစ်ဦး ရှိနေခဲ့သည်။

ကျွန်တော်တို့က ကျောက်အိုင်ကျေးရွာမှာ နေထိုင်တယ်။ အမြန်လမ်းတစ်ဖက်မှာ ရှိနေတဲ့ ယာတောထဲမှာ အလုပ်လုပ်ဖို့ သွားရပါတယ်။ ကားတိုက်တဲ့နေ့ကလည်း ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ ကားလမ်းမတစ်ဖက် (မန္တလေးမှ ရန်ကုန်ဘက်သို့ သွားသည့်လမ်း) ကို ကူးဖို့ ဆိုင်ကယ်နဲ့ စောင့်နေတဲ့အချိန် ကိုသိန်းထွန်းက ဆိုင်ကယ်ပေါ်က ဆင်းပြီး ကားဆင်းကြည့်ရမလား ပြောတော့ ကြည့်မနေနဲ့ ဟိုမှာ ကားတစ်စီးလာနေတယ်ဆိုပြီး ပြောတဲ့အချိန် အဲဒီကားက ကျွန်တော်တို့ ဘေးနားကနေ ဖြတ်ပြီး လမ်းဘေးက သံပြားတွေကို ပွတ်ဆွဲသွားတယ်။ ပလက်ဖောင်းကို တိုက်ပြီးတော့ ပလက်ဖောင်းဘေးနားမှာ ရပ်လျက်သွားတွေ့ခဲ့ရတယ်။ အရှိန်တော့ သိပ်မပြင်းပါဘူး။ အမြန်လမ်းမှာ တိုက်တဲ့ကားတွေ မှန်သမျှ အရှိန်ပြင်းတဲ့အတွက် တုံးလုံးလဲသွားတာချည်းဘဲဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဦးကျော်သန်းက ပြောသည်။

ထိုသို့ ကားရပ်တန့်သွားစဉ် ညာဘက်ခြမ်းမှ လူတစ်ဦးထွက်လာပြီး ဘယ်ဘက်ခြင်း တွင်ရှိသော ကားတံခါးအား ဆွဲဖွင့်သောကြောင့် နောက်ထပ်လူတစ်ဦးထပ်မံထွက်လာခဲ့ကြောင်း ယင်းသို့ ထွက်လာခဲ့ပြီး ၄င်းတို့နှစ်ဦးမှာ ကား၏အနောက်ဘက်သို့ အနည်းငယ်လမ်းလျှောက်သွားကာ စကားပြောဆိုနေကြောင်း မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဦးသိန်းထွန်းက ပြောသည်။

သူတို့နှစ်ယောက်က စကားပြောနေတဲ့အချိန် ကားက မီးမလောင်သေးဘူး။ သူတို့ စကားရပ်ပြောတဲ့အချိန်က သုံး၊ လေးမိနစ်လောက်ကြာတယ်။ ပြီးတော့မှ ညာဘက်က လူက ကားကို ပတ်ပတ်လည်ကြည့်ပြီးတော့ ဘယ်ဘက်က ဆင်းလာတဲ့လူက သူဆင်းလာတဲ့တံခါးကို ပြန်ဖွင့်လိုက်တဲ့အချိန် ဟုန်းဆိုပြီး မီးခိုးဟပ်တဲ့ပုံစံ တွေ့လိုက်ရတယ်။ သူလည်း အနောက်ကို ပြန်ဆုတ်လိုက်တယ်။ မီးတော့ မစွဲသေးဘူး။ မီးခိုးဘဲ ထွက်သေးတယ်။ သူတို့နှစ်ယောက်ပြီးတော့ ကားနဲ့တော်တော် ဝေးတဲ့နေရာကိုသွားပြီး တက်တူးရှိတဲ့ လူငယ်က ဖုန်းအေးဆေးပြောတယ်။ ပြီးတော့ သူက ရပ်ကြည့်နေတယ်။ အဲ့အချိန်မှာ ကားက မီးစွဲနေပြီ။ နောက်တစ်ယောက်ကတော့ ကားမီးခိုးတွေ ထွက်လာပြီး မီးနည်းနည်းပဲ စွဲသေးတဲ့အချိန် လူတွေကလည်း ရောက်လာတော့ ဘယ်ပျောက်သွားမှန်း မသိလိုက်ဘူး။ တက်တူးနဲ့ ကောင်လေးက မီးခိုးတွေ ထွက်လာတဲ့အချိန် ကားအနောက်ဘက်ကို လျှောက်သွားပြီး တော်တော်လှမ်းလှမ်းမှာ ဖုန်းသွားပြောတယ် ၊ ပြောပြီးတော့မှ ကားနားကို ပြန်လာတယ် ရပ်ကြည့်နေတယ် ၊ သူ့မှာ ကယ်ချင်ရင် အချိန်တွေ အများကြီး ရပါသေးတယ် ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဦးမြစံ (ခ) မောင်ငွေ က တွေ့ရှိချက်များအား ရှင်းပြသည်။

ယင်းသို့ ကားမီးမလောင်ခင်နှင့် ကားမီးလောင်နေသည့်အချိန်တွင် တက်တူးထိုးထားသည့် လူငယ်မှာ ရပ်ကြည့်နေကြောင်း လူများမှာ ကားမောင်းသူအား အသက်ရှင်သေးသလား၊ ကားမောင်သူ ဘယ်သူ ဘယ်ဝါ ဖြစ်သည်ကို ရေရွတ်ပြောဆိုနေမှုများ ရှိပြီး ၄င်းက ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း၊ ယင်းသို့ ကားမီးစွဲနေစဉ်မှာလည်း မနလေးမှ ပြန်လာသည်ဟု ထင်ရသည့် ကားတစ်စီးမှ လူတစ်ဦးဆင်းလာကာ မီးသတ်ဆေးဘူးဖြင့် ငြှိမ်းပေးခဲ့ကြောင်း မျက်မြင်သက်သေ ဦးကျျော်သန်းက ပြောပြသည်။

ကားမီးလောင်တဲ့နေ့က ကားက ဒီအတိုင်းဘဲ ရှိနေသေးတဲ့အတွက် ကျွန်တော်တို့တွေ ဘေးကနေပဲ ကြည့်နေခဲ့တာပါ။ အကူအညီပေးချင်ပေမယ့် ကားက ကြီးကြီးမားမား ဘာမှမဖြစ်သေးတာရယ်၊ အမြန်လမ်းမှာ ကားတစ်ခုခုဖြစ်လို့ရှိရင် ရွာသားတွေက ကားထဲက ရွှေတွေ ငွေတွေ လိုချင်လို့ ရောက်လာတယ်လို့ အထင်ခံရမှာစိုးလို့ အနားကိုတောင် မသွားခဲ့ဘူး။ တက်တူးနဲ့ကောင်လေးသာ တံခါးဖွင့်ချင်လို့ အကူအညီတောင်းရင် ကျွန်တော်တို့ဆီမှာ နွားလှန့်ဖို့အတွက် တူတွေ ရော၊ တံစဉ်တွေ၊ ဓားတွေ တုတ်တွေပါ ပါတယ်။ ကျွန်တော်တို့ ကူညီပေးဖို့ အသင့်ပါ ဟု ဦးကျော်သန်းက ဆက်လက်ပြောသည်။

ကားပေါ်မှ ဆင်းလာသည့် လူငယ်ပုံသဏာန်များမှာ ဂျင်းဘောင်းဘီဝတ်ဆင်ထားပြီး တစ်ဦးမှာ တက်တူးထိုးထားသည်များကို တွေ့ရှိရပြီး နောက်ထပ်တစ်ဦးမှာ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသည့် ပုံသဏာန်ရှိပြီး သူဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီမှာ အနည်းငယ် ပိုမိုတောက်ပကြောင်း မျက်မြင်သက်သေက ၄င်းတွေ့ရှိချက်အား ပြောသည်။

ကားပေါ်မှာ နောက်ထပ် ဆင်းလာသည့် အမျိုးသားပုံသဏ္ဍာန်မှာ သေဆုံးသူ ဦးဝင်းထွန်း ဟုတ်၊ မဟုတ် သိရှိစေရန်အတွက် ဦးဝင်းထွန်း၏ ဓာတ်ပုံအား မျက်မြင်သက်သေများသို့ ပြသရာ ဦးဝင်းထွန်း မဟုတ်ကြောင်း မျက်မြင်သက်သေများအားလုံးက ပြိုင်တူ ထွက်ဆိုကြသည်။

ကားမီးမလောင်ခင်ရော မီးလောင်တဲ့အချိန်မှာပါ ကားထဲကို ဘာမှ မမြင်ရဘူး။ အော်သံလည်း မကြားရဘူး။ ကားမီးလောင်နေတဲ့အချိန်မှာလည်း တက်တူးနဲ့ ကောင်လေးက ရပ်ကြည့်နေတယ်။ ဘာမှမလုပ်ဘူး။ သူ့ကားနဲ့တိုက်လိုက်တဲ့ သံတိုင်တွေလည်း ရှိတယ်။ ခဲလုံးတွေလည်း ရှိပါတယ်။ ကားကို တစ်စုံတစ်ရာ မလုပ်ဘူး။ အဲ့ဒီအချိန်မှာ ကားထဲမှာ လူမရှိဘူးလို့ဘဲ ထင်တာပေါ့။ ပြီးတော့မှ လူတွေ ရောက်လာတယ်။ မီးသတ်တွေ ရောက်လာတယ်။ အဲ့တော့မှ တက်တူးနဲ့ ကောင်လေးက ကားထဲမှာ မိန်းကလေးခုနှစ်ယောက်၊ ယောကျ်ားလေးတစ်ယောက်ပါတယ်။ ယောကျ်ားလေးက ကားမောင်းတဲ့သူလို့ သူပြောပြတော့မှ သိရတယ် ဟု မျက်မြင်သက်သေ ဦးသိန်းထွန်းက ရှင်းပြသည်။

ကားဘီးပေါက်သည်ဆိုပါက ကားဘီးပေါက်သံ ကြားရမည်ဖြစ်ကြောင်း၊ ယခုမှာ အသံမကြားရကြောင်း၊ ဘယ်ဘက်ဘီးပေါက်ပါက ညာဖက်သို့ ဆွဲသွားသည့် အနေအထားအား မတွေ့ရကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

ကားဘီးပေါက်တဲ့ပုံစံတော့ မတွေ့ရဘူး။ ကားဘီးပေါက်တယ်ဆိုရင် ကားက လူးနေတဲ့ပုံစံ တွေ့ရမယ်။ အခုက ဘေးအခြမ်းကို ပွတ်ဆွဲသွားတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ကားက လမ်းပလက်ဖောင်းပေါ် ဘီးတစ်ဘီးတင်တယ်။ ပြီးတော့မှ လမ်းမပေါ် ပြန်ကျတယ်။ နောက်ပြီး ကားမီးလောင်ပြီးတဲ့အချိန်မှာ လူငယ်တစ်ယောက် ရောက်လာတယ်။ အဲ့လူငယ်က ဒီထဲမှာ ကျွန်တော့်ရည်စားပါသွားတယ်ဆိုပြီး ပြောတယ်။ အဲ့တာကို တက်တူးနဲ့ကောင်လေးက အစ်ကို စိတ်ဖြေပါဗျာ၊ ဒီထဲမှာ ကျွန်တော့် ကောင်မလေးလည်း ပါသွားတယ်လို့ သူက အေးအေးဆေးဆေးဘဲ ပြောတယ်။ အဲ့တော့ဗျာ သူ့ကောင်မလေးတောင် ပါသွားရင် သူဘာလို့ မကယ်ရတာလဲ၊ ကျွန်တော်တို့လည်း အဲ့အချိန်ကျမှ အံသြမိတယ် ဟု ဦးသိန်းထွန်းက ပြောသည်။

ထိုသို့ ကားမီးလောင်ပြီး မီးသတ်ယာဉ်များ ရောက်ရှိလာသည့်အချိန်ဉ် မီးများငြှိမ်းသတ်ပြီး မျက်မြင်သက်သေအဖွဲ့များသည် မီးလောင်သည့် ကားနေရာသို့ သွားရောက် ကြည့်ရှှု့ရန် သွားခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အနားသို့ မကပ်ရန် ပြောဆိုခဲ့ကြောင်း ၄င်းက ထပ်မံဆိုသည်။

ယင်းသို့ မျက်မြင်သက်သေများ၏ ပြောကြားချက်အပြီးတွင် တက်တူးဖြင့် ရှိနေသည့်လူမှာ အောင်ခန့်ဟု ခေါ်ဆိုကြောင်း သိရှိခဲ့ရပြီး ကနဦးထွက်ဆိုများဉ် ကားမီးလောင်ရာတွင် ယာဉ်မောင်းသူ ပါသွားခဲ့ကြောင်း၊ ကားမှာ ဘယ်ဘက်ရှိ သံပေါင်နှင့်တိုက်မိကာ ဆီတိုင်ကီကွဲသွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်သည့် အရှိန်ကြောင့် ကိုအောင်ခန့်မှာ အပြင်သို့ လွင်စဉ်ခဲ့ခြင်းကြောင့် အသက်ရှင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယာဉ်မောင်းသူမှာ ဦးဝင်းထွန်းဖြစ်ပြီး အောင်ခန့်၏ ဖုန်းမှာ ကားမီးလောင်မှုတွင် ပါသွားခဲ့ကြောင်း ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထွက်ဆိုထားသည်ကို တွေ့ရသည်။ ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးရာတွင်လည်း ၄င်းမှာ ယာဉ်မောင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ဦးဝင်းထွန်းသည် သူ၏ဘေးဉ်ရှိကြောင်း ထပ်မံပြောဆိုထားသည်ကိုလည်း တွေ့ရှိရပေသည်။ ထို့အပြင် ကားတံခါးများ မီးလောင်ပါက အလိုအလျောက် ပိတ်သည်ဟု ပြောဆိုဝေဖန်မှုများကိုလည်း ပျံ့နှံခဲ့သည်။

အထက်ပါ အကြောင်းအရာများတွင် ဦးဝင်းထွန်းသည် အောင်ခန့်၏ ဘေးနားဉ် အမှန်တကယ်ရှိနေခြင်း၊ ဟုတ် မဟုတ်နှင့် ကားမတော်မဆဖြစ်သည့်အချိန်တွင် မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ အရှေ့ကားတံခါးအား ဖွင့်နေခြင်းသည် အလိုအလျောက် ကားတံခါးများ ပိတ်သည်ဆိုသည့် အချက်များအားလည်းကောင်း၊ အောင်ခန့်နှင့် ကားပေါ်က ဆင်းလာသူ အမျိုးသားမှာ မည်သူမည်ဝါ ဖြစ်ကြောင်းတို့သည် စိတ်ဝင်စားဖွယ် မေးခွန်းထုတ်စရာများပင် ဖြစ်လာခဲ့သည်။

သေဆုံးသူများ၏ ခန္ဓာကိုယ်တွေ ဘယ်မှာရှိနေလဲ

Hiace ကားပေါ်ဉ် မီးလောင်ကျွမ်းပြီး ကျန်ရှိနေသေးသည့် ခနာကိုယ်များအား လှည်းကူးမြို့နယ်၊ ကရုဏာရှင်အသင်းမှ သွားရောက် သယ်ယူခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့ ကားနားကို ရောက်သွားတဲ့အချိန်မှာ နောက်ခန်းတံခါးဟနေတယ်။ ဒါက မီးလောင်ကျွမ်းမှုကြောင့် ဟနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ အရင်ဆုံး စချလိုက်တဲ့ ရုပ်အလောင်းက တံခါးဝက နှစ်လောင်း၊ ပြီးတော့ ယာဉ်မောင်းထိုင်ခုံနဲ့ အနောက်က ထိုင်ခုံမှာ အလောင်း နှစ်ခု တွေ့တယ်။ အဲ့အလောင်းကတော့ လဲနေတဲ့ ပုံစံ အနေအထား တံခါးဝ အနားက ရခဲ့တဲ့ အလောင်းနှစ်ခုကတော့ ထိုင်ခုံနဲ့ ကပ်နေတဲ့ အနေအထားကို တွေ့ရတယ်။ ပြီးတော့ နောက်ဆုံးတန်းခုံတွေမှာ ဖက်လျက် အနေအထားပုံစံမျိုး နှစ်ယောက် နှစ်ယောက်စီ တွေ့ရတယ်။ နှစ်ယောက်ကို တော့ ကျွန်တော်တို့ ဘေးတံခါးပေါက်ကနေပြီးတော့ သယ်ခဲ့တယ်။ နောက်နှစ်ယောက်ကိုတော့ အနောက်တံခါးကနေ သယ်ခဲ့တယ်။ အရှေ့ခေါင်းခန်းမှာတော့ အဝတ်တွေ မီးမငြိမ်းသေးဘူး။ အင်ဂျင်တုံးကြီး မီးလောင်နေတာလည်း တွေ့ရတယ်။ တစ်ဖက်မှာ ဟောင်းလောင်းပေါက်ကြီး တွေ့ရတယ်။ ဘာရုပ်အလောင်းမှ မတွေ့ခဲ့ရဘူး ဟု လှည်းကူးမြို့နယ် ကရုဏာရှင်အသင်းမှ ကိုသန်းလွင်က သူ၏ တွေ့ရှိချက်များကို ပြောပြခဲ့သည်။

၄င်းပြောပြချက်များအရ သေဆုံးသူ ခနာကိုယ် ရှစ်ခုသည် ကား၏ အတွင်းပိုင်းမှာသာ တွေ့ရှိခဲ့ရသည့်အတွက် အောင်ခန့်၏ ဘေးတွင် ဦးဝင်းထွန်းရှိနေသည် ဆိုသည့် အောင်ခန့်၏ ထွက်ဆိုချက်သည် အလောင်းကောက်ခဲ့သည့် လှည်းကူးမြို့နယ် ကရုဏာရှင်အသင်းမှ ကိုသန်းလွင်၏ ပြောဆိုချက်များနှင့် ကွဲလွဲနေသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရပေသည်။

CIDကသေဆုံးသူ အမျိုးသမီးတစ်ဦး၏ ချစ်သူနှင့် တွေ့ဆုံပြီး ဘာတွေ ပြောခဲ့သလဲ

CID ဌာနမှ ကားမီးလောင်ပြီး သေဆုံးသူ အမျိုးသမီးတစ်ဦး၏ ချစ်သူနှင့် တွေ့ဆုံပြီး အဆိုပါ အမှုကိစ္စနှင့် ပြောဆိုခဲ့ကြောင်း သိရသည်။

ပထမဦးဆုံး စစ်တဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဒီတိုင်းလေးဘဲ မေးတဲ့ပုံစံပါ။ မိသားစုအကြောင်းတွေ မေးတယ်။ အလုပ်အကိုင်တွေ မေးတယ်။ ပြီးတော့မှ ခရီးစသွားကတည်းက ခရီးဆုံးတဲ့အထိ ကျွန်တော့်ကောင်မလေးနဲ့ ဘယ်အချိန်တွေ ဖုန်းဆက်ခဲ့လည်း ဘာတွေ ထူးထူးခြားခြား ရှိနေလဲ။ သူပြန်လာတာကို ဘယ်မှာ စောင့်နေမယ်လို့ ပြောခဲ့သလဲ။ အဲတာတွေ မေးတော့ ကျွန်တော်တို့ ဖုန်းဆက်ခဲ့တဲ့အချိန်တွေကို ပြောပြခဲ့တယ်။ ဘာထူးထူးခြားခြားမှ မရှိဘူး။ ကျွန်တော်က အမြဲတမ်းသူ့ကို ကိုးမိုင်မှာ စောင့်နေကျဆိုတော့ ကိုးမိုင်မှာဘဲ စောင့်နေမယ်လို့ ပြောခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ ဖုန်းမရတော့ဘူး ဟု သေဆုံးသူ အမျိုးသမီးတစ်ဦး၏ ချစ်သူက ၄င်းနှင့် CID မှ အရာရှိတစ်ဦးနှင့် တွေ့ဆုံစဉ် ပြောဆိုချက်များအား ပြန်လည် ပြောပြခဲ့သည်။

ထို့နောက် ယင်းအရာရှိက ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ကား၏ ဘယ်ဘက်ဘီးပေါာက်ပြီး လမ်းဘေးရှိ တိုင်များအား တိုက်မှုကြောင့် ဆီတိုင်ကီပေါက်ကွဲ ကားမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယာဉ်မတော်တဆမှု ဖြစ်နိုင်ခြေ များနေကြောင်းကိုလည်း သေဆုံးခဲ့သည့် အမျိုးသမီးတစ်ဦး၏ ချစ်သူပြောပြချက်အရ သိရသည်။

သူက ဘီးပေါက်တယ်၊ အရှိန်မထိန်းနိုင်လို့ ရှစ်လက်မလား မသိဘူး၊ ကျွန်တော်လည်း မမှတ်မိတော့ဘူး သူရှင်းပြတဲ့အထဲမှာ တိုင်တွေနဲ့ ဆီတိုင်ကီကို ထိုးခွဲတယ်။ ဆီတိုင်ကီနဲ့ ဘက်ထရီအိုးနဲ့ သံပြားတစ်ပြားပဲ ခြားတယ်၊ တိုက်မိတဲ့ အရှိန်ကြောင့် ၀ိုင်ယာရှော့ခ်ဖြစ်ပြီး ဆီတိုင်ကီကနေတဆင့် မီးလောင်ခဲ့တယ်။ နောက်ပြီး ABS အော်တိုဘရိတ်ကင်း စစ်စတန်မ် ပြုတ်ထွက်သွားလို့ ဘရိတ်အုပ်လို့ မရတော့ဘူးလို့ သူ(ရဲအရာရှိ)က ပြောပြခဲ့တယ် ဟု သေဆုံးသူ အမျိုးသမီးတစ်ဦး၏ ချစ်သူက ထပ်မံရှင်းပြသည်။

ထိုသို့ မီးလောင်နေချိန်တွင် အောင်ခန့်မှာ အဘယ်ကြောင့် မကယ်သလဲဟု သေဆုံးသူ အမျိုးသမီး၏ ချစ်သူက မေးမြန်းခဲ့သည်။

အောင်ခန့်က မှန်တွေကို ခဲတွေနဲ့ ခွဲတယ်၊ တံခါးကို ဆွဲဖွင့်လို့ လက်သန်းမှာ ဒဏ်ရာရသွားတယ်၊ ကိုဝင်းထွန်းက သူ့ဘေးမှာ ရှိတဲ့အတွက် ကိုဝင်းထွန်းကို ကယ်တော့ ကိုဝင်းထွန်းက ထိုင်ခုံနဲ့ ခြေထောက်နဲ့ ညှပ်နေလို့ ဆွဲထုတ်လို့ မရဘူး။ အသားစတွေ တောင် ရှိတယ်လို့ ရဲအရာရှိက အောင်ခန့် ရဲ့ ထွက်ဆိုချက်တွေကို ကျွန်တော့်ကို ပြောပြတယ် ဟု ၄င်းက ဆက်လက်ပြောသည်။

ကားမီးလောင်သည့် ဓာတ်ပုံများတွင် ယာဉ်မောင်းဘေးတွင် ရှိနေသော ထိုင်ခုံ၏ ကျော်အမှီသည် အနောက်သို့ အနည်းငယ် လှန်ထားသည့် ပုံသဏ္ဍာန် တွေ့ရှိရသောကြောင့် ခြေထောက်ညပ်နိုင်မည် မဟုတ်ကြောင်း အဘယ်ကြောင့်ဆိုသော် ကား၏ဦးခေါင်းမှာ ကြေမွသွားခြင်း မရှိသောကြောင့် ဖြစ်ကြောင်း မသင်းသင်းမော်(သေဆုံးသူ)၏ အမျိုးသား ကိုအောင်ကိုဦးက ဆိုသည်။

ကျွန်တော်တို့ ကားမီးလောင်ပြီးတော့ ရောက်သွားတဲ့အချိန်မှာ ကားအတွင်း အနောက်ခန်းထဲမှာ ထမင်းချိုင့် တစ်ချိုင့်ရယ်၊ ယာဉ်မောင်းဘေးမှာ ထမင်းချိုင့် တစ်ချိုင့် ရယ် တွေ့ခဲ့ရတယ်။ အဲဒီထမင်းချိုင့်တွေက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ထည့်ပေးလိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ ခရီးသွားပြီး ဟိုတယ်မှာနေတဲ့လူတွေအတွက် ဒီထမင်းချိုင့်တွေ လိုမှာ မဟုတ်ဘူး။ ဒီထမင်းချိုင့်တွေ အတွင်းမှာ ဘာပါလဲဆိုတာ စစ်ဆေးစေချင်တယ်။ နောက်ပြီး ယာဉ်မောင်းသူ အောင်ခန့်ကိုလည်း မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးစေချင်တယ်ဟု မသင်းသင်းမော် (သေဆုံး)၏ အမျိုးသား ဖြစ်သူ ကိုအောင်ကိုဦးက ပြောသည်။

ကားပေါ်ဉ် တွေ့ရှိခဲ့သည့် ထမင်းချိုင့် များအား CID ဌာနမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိအား သေဆုံးသူ အမျိုးသမီး၏ ချစ်သူက မေးမြန်းခဲ့ကြောင်းလည်း သိရသည်။

အဲ့ဒီထမင်းချိုင့်နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ CID က သူတို့ဆီ ရောက်လာတဲ့အချိန် ထမင်းချိုင့်က ကိုင်းတွေဘဲ ရှိတော့တယ်။ အထဲက ခွက်တွေ မရှိတော့ဘူးလို့ ပြန်ပြောတယ်။ နောက်ပြီး ကားခေါင်းရဲ့ အရှေ့မှာ အောက်က စောင့်တိုက်ထားလို့ ဟောင်းလောင်း ပေါက်ကြီးဖြစ်နေတယ်လို့လည်း ပြောတယ် ဟု ၄င်းက ရှင်းပြသည်။

အဆိုပါ အကြောင်းရာများသည် သေဆုံးသူ အမျိုးသမီး၏ ချစ်သူအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ပြောဆိုခဲ့ခြင်းများကို ၄င်းထံမှ ပြန်လည်သိရှိရပြီး ကျန်ရှိနေသည့် မိသားစုဝင်များအား စစ်ဆေးမှုပြုလုပ်ခြင်း မရှိသေးကြောင်းကိုလည်း ၄င်းက ထပ်မံပြောပြသည်။

ကျွန်တော်က ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် တစ်စိုက်မတ်မတ် လုပ်နေတဲ့သူပါ။ ကျွန်တော်ကိုတော့ ခေါ်ယူတွေ့ဆုံခြင်း မရှိသေးပါဟု မသင်းသင်းမော် ၏ အမျိုးသား ကိုအောင်ကိုဦးက ပြောသည်။

နောက်ဆုံး အခြေအနေ

အဆိုပါ ကားမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသက်ရှင်လွတ်မြောက်လာသူ ကိုအောင်ခန့်အား ဇန်နဝါရီ ၂၃ ရက်တွင် အမှတ်(၃) လမ်းဆုံ၊ အမြန်လမ်းရဲစခန်းတွင် စစ်ဆေးခဲ့ပြီး CID ဌာနသို့ လွှဲပြောင်းကာ ဖေဖော်ဝါရီ ၆ ရက်တွင် နောက်ထပ် ရမန်ကြီး ထပ်ယူခဲ့သည်။ တရားခံဟု ယူဆထားသူ ကိုအောင်ခန့်မှာ လှည်းကူးမြို့နယ် တရားရုံးသို့ လာရောက်ခြင်း မရှိဘဲ မျက်ကွယ်ရမန်သာ ယူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် လှည်းကူးမြို့နယ် တရားရုံးသို့ လာရောက်ရန် ပြန်လည်ချိန်းဆိုခဲ့သည်။

တရားခံဟု ယူဆထားသူ အောင်ခန့်အား ရာဇသတ်ကြီး ပုဒ်မ 304(က)/338/285 တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

Source: Thit Htoo Lwin 

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။