၁။ စိတ်လေးကို နည်းနည်းလျော့ထား

တစ်ခြားနေ့တွေမှာ တစ်ကိုယ်တော်ဖြစ်နေတာထက် ခုလို V-Day မှာ တစ်ကိုယ်တော်ဖြစ်နေတာက စိတ်ကိုတစ်နည်းအားဖြင့်တော့ အနှောက်အယှက်ဖြစ်စေမှာပဲ။ ဒီလ V-Day က အင်္ဂါနေ့ဖြစ်နေတဲ့အတွက် ရုံးတွင်းက သင့်လုပ်ဖော်ကိုင်ဖက်ကောင်မလေးဆီကို ပန်းစည်းတွေ၊ ဝက်ဝံရုပ်တွေလာတာကို မြင်ရပါလိ့မ်မယ်။ ဒါမှမဟုတ် အတန်းထဲက ကောင်မလေးဆီကို စပရိုက်အစီအစဉ်တွေလာလုပ်မှာကို မျက်မြင်ကိုယ်တွေ့ရပါလိမ့်မယ်။ အရမ်းအကဲပိုတဲ့ လမ်းပေါ်က စုံတွဲများရဲ့အပြုအမူက သာမန်အချိန်မျိုးမှာ သိပ်ကိစ္စမရှိလှပေမယ့် ခုလိုနေ့မျိုးမှာ မြင်ရရင် သင့်ရဲ့စိတ်ကို ခပ်ဆတ်ဆတ်လေးဖြစ်စေလိမ့်မယ်။

သူများရနေတဲ့လက်ဆောင်တွေ၊ ချစ်ခွန်းချိုစာလွှာတွေကြောင့် သင့်ရဲ့စိတ်လှလှလေးကို အညစ်ညမ်းမခံလိုက်နဲ့။ သင်ကဖန်တီးသူအမျိုးသမီးတစ်ယောက်။ သင်ချစ်တဲ့ သူငယ်ချင်း၊ ကိုယ့်ရဲ့မေမေ၊ ဒါမှမဟုတ်ဖေဖေ ၊ကိုယ့်အချစ်ဆုံးတစ်ယောက်ယောက်ကို သင့်ရဲ့ချစ်ခြင်းကို ပြမယ့် လက်ဆောင်လေးကို ပို့လိုက်ပါ။ ဒါမှမဟုတ် ဖေဖေနဲ့ မေမေအတွက် ကိုယ်တိုင် စားသောက်ဆိုင်မှာ ဒိတ်လုပ်ပေး၊ သူတို့ညလေးကို ကိုယ်တိုင်အစီအစဉ်ချပေးခြင်းဖြင့် သမီးကောင်းအမှတ်ကို ယူလိုက်ပါ။ နောက်တစ်ခုက အဲ့ဒီနေ့မှာ ဆိုရှယ်မီဒီယာကို တတ်နိုင်သမျှမသုံးတာအကောင်းဆုံးပါ။ သင့်ဖေ့ဘုတ်ပေါ်မှာ ဘယ်ကိုကိုက စပရိုက်၊ ဘယ်လောက်ထိချစ်မှာတို့၊ ရက်ဝေးက ချစ်သူကို ဘယ်လိုလွမ်းတာတို့တွေကို အမြင်ကတ်လောက်အောင် မြင်ရမှာမို့ ဝေးဝေးသာရှောင်ပါလေ့။

၂။ အလုပ်ရှုပ်ပါ။

ဒီလိုနေ့မျိုးကို စိတ်ထဲမထားပဲ မသိလိုက်မသိဘာသာ ကျော်သွားဖို့ဆိုတာက သင့်စိတ်တွေကို တစ်ခြားနေရာမှာ အာရုံလွှဲလိုက်ဖို့ပါပဲ။ သင့်ရဲ့အခန်းကို ပြန်ရှင်းတာပဲဖြစ်ဖြစ်၊ ပြန်အစီအစဉ်ချ ဒီဇိုင်းပြောင်းတာပဲဖြစ်ဖြစ် သင့်ရဲ့စိတ်ကို အများကြီးတွေးတောနေရမယ့် နေရာမှာ ထည့်လိုက်ပါ။ အဲ့လိုဆိုတာနဲ့ သင့်ကို အိုဗာတိုင်တွေဆင်း၊ အလုပ်တွေကုန်းကျုံးလုပ်၊ စာတွေထိုင်ကျက်ခိုင်းနေတာမဟုတ်ဘူးနော်။ အဲ့ဒါတွေကမှာ ကိုယ့်ကို တစ်ကယ်စိတ်ဖိစီးမှုတွေ ယူလာမှာ။ အဝတ်ဗီရိုရှင်းတာကလည်း ပျော်ဖို့ကောင်းမှာ။ လုံးဝသေချာတာက အမျိုးသမီးတစ်ယောက်ရဲ့ အဝတ်ဗီရိုကို ပြန်အစီအစဉ်ချတာ၊ ပြန်ရှင်းတာက တစ်နာရီနဲ့တောင် ပြီးမှာမဟုတ်ဘူး။ ပြီးရင် .... ပြီးရင်ပေါက်ပေါက်ဆုပ်ကိုယူ၊ ဒါမှမဟုတ် ပီဇာကောင်းကောင်းမှာ (ကြက်ကြော်နဲ့ ဘီယာလည်းကောင်းတာပဲ)၊ အရမ်းရမ်းကောင်းတဲ့ ဇာတ်ကားတွေ၊ သင်မကြည့်ရသေးလို့ ကြည့်ဖို့ လျာထားတဲ့ဇာတ်ကားတွေကို အဲ့နေ့ညမှာတင် တစ်ခါတည်းအပြတ်ရှင်းပလိုက်။ အဲ့နေ့ညက မီးမှိန်မှိန်လေးနဲ့ သင့်ကုတင်ပေါ်မှာ စာအုပ်ကောင်းကောင်လေးနဲ့ မှိန်းရမယ့် အချိန်လည်းဖြစ်ပါတယ်။ ဒါမှမဟုတ် အင်တာနက်မှာ သင်တွေ့လို့ လိုက်လုပ်ကြည့်ချင်တဲ့ ဟင်းချက်နည်းဖြစ်ဖြစ်၊ လက်မှုပစ္စည်းသေးသေးလေးတွေဖြစ်ဖြစ်က ဒီညမှာ သင်အကောင်အထည်ဖော်ရမယ့် အရာတွေဖြစ်ပါတယ်။

၃။ ကိုယ့်ကိုယ်ကို ပြုစုပါ

တစ်စုံတစ်ယောက်ဆီက အနမ်းတစ်ပွင့်၊ လက်ဆောင်တစ်ထုပ်၊ ချီးမွမ်းစကားတွေကသာ သင့်ကိုစိတ်ကျေနပ်စေတာမဟုတ်ပါဘူး။ ဒီကနေ့လေးဟာ ရက်သတ္တပတ်များထဲမှ V-Day လို့ခေါင်းစဉ်တပ်ထားတဲ့ သာမန်ရက်ကလေးတစ်ရက်သာဖြစ်ပါတယ်။ သူတစ်ပါးမှရမယ့် အပြုအမူက သင့်ရဲ့ပျော်ရွှင်မှုမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်ဆုချပါ။ ဒါကြောင့် ဒီနေ့မှာ သင့်အတွက် အကောင်းဆုံးဆိုတာပဲ သင်ပြုလုပ်ရမယ်။ သင့်ရဲ့ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို Spa မှာပြန်အနှိပ်ခံတာမျိုး၊ Massage မှာပြန်အညောင်းဖြေတာမျိုးဖြစ်ဖြစ်ပေါ့။ အကောင်းစားဝိုင်တစ်ပုလင်းလောက်နဲ့ ရေချိုးဇလုံမှာ ကောင်းကောင်းစိမ်ချိုးခြင်းဖြင့် သင့်ကိုယ်သင်ပြန်လန်းဆန်းလို်က်ပါ။ အဲ့ဒီနေ့မှာ သင်အရမ်းကြိုက်တဲ့အိတ်တစ်အိတ်၊ အကျီတစ်ထည် သို့မဟုတ် လည်ဆွဲလှလှလေးတစ်ခုကို ဝယ်လိုက်ပါ။ သူများဝယ်လာပေးတာကို စောင့်မနေပါနဲ့။ ဒါမှမဟုတ် Beauty Salon မှာ တစ်ကိုယ်လုံးကို စိတ်ကြိုက်အလှသွားပြင်လိုက်ပါ။ သင်တစ်ကိုယ်တော် ဗယ်လင်တိုင်းက သိပ်ပျော်စရာကောင်းမှာ မြင်ယောင်သေး။

၄။ စုပေါင်းတစ်ကိုယ်တော်ပါတီ

သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ တစ်ကိုယ်တော် ဗယ်လင်တိုင်းကျင်းပနေတဲ့သူတွေ သင့်အနားမှာ အများကြီးရှိပါတယ်။ စိတ်ရှုပ်စရာကောင်းတဲ့ စုံတွဲတွေကို နေရာတိုင်းမှာ မြင်ရတာ စိတ်ပျက်နေကြတဲ့ တစ်ကိုယ်တော်သမားတွေ နေရာတိုင်းမှာရှိပါတယ်။ ဒါကြောင့် ကျွန်မပြောခဲ့သလိုပဲ သင့်လိုတစ်ကိုယ်တော် ဗယ်လင်တိုင်းကို ဖြတ်သန်းနေရတဲ့ တစ်ကိုယ်တော်သမားတွေ ဒုနဲ့ဒေးပါပဲ။ သူငယ်ချင်းများထဲမှာ ကိုယ်နဲ့အခြေအနေချင်းတူတာတွေကို စုပြီး ဒီနေ့လေးဟာ သင်တို့အတွက် ပါတီကောင်းကောင်းကျင်းပသင့်တဲ့နေ့ပါပဲ။ တစ်ကိုယ်တော် ကောင်မလေးလန်းလန်းလေးများစုစည်းပျော်ပါးတဲ့ V-Day ကို Galentine’s Day လို့အမည်ပေးထားကြပါတယ်။ ဒါကြောင့် သူတို့တွေက Valentine နေချိန် ကိုယ်တွေကလည်း Hashtag Galentine’s Day လုပ်ချပလိုက်။

သင့်အတွက် ဒီလိုနေ့မျိုးမှာ တစ်ကိုယ်တည်းနေရလို့ စိတ်အားငယ်စရာမလိုပါဘူး။ ခုကျွန်မဖော်ပြခဲ့တဲ့အချက်တွေက ဖေဖော်ဝါရီ ၁၄ တစ်ရက်လုံးမှာ ကောင်းကောင်းဖြတ်သန်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဘာတွေစို်းရိမ်နေမှာလဲ။ ထိုက်တန်တဲ့အချစ်က အချိန်တန်ရင် ကိုယ့်ဆီရောက်လာမှာမို့ စိတ်ရှည်ရှည်ထားပြီး စောင့်ရအောင်လား။

တစ်ကိုယ်တော်ဗယ်လင်တိုင်းမှာ ကြည့်သင့်တဲ့ ဇာတ်ကောင်းတွေကိုညွှန်းရမယ်ဆိုရင်ဖြင့်

1.The Other Women

2.He’s not just into you

3.How to be Single

4.Eat pray love

5.Blue Valentine

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။