ကချင် အမျိုးသမီး သူနာပြုတဦး ဒဏ်ရာ အမြောက်အမြားဖြင့် အသတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ် အမျိုးသမီး သူနာပြုတဦး ဓားဒဏ်ရာ ၁၉ ချက်နဲ့ အသတ်ခံရမှု တခု ဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်က နေအိမ်ဆိုင် အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သေဆုံးသူ အမျိုးသမီးဟာ အသက် ၂၄ နှစ် အရွယ် သူနာပြုဆရာမ မလီဆန်ပန် ဖြစ်ပါတယ်။

မလီဆန်ပန်ဟာ မြစ်ကြီးနားမြို့မှာ အဒေါ်ဖြစ်သူနဲ့ နေထိုင်ပြီး သူ့ညီဝမ်းကွဲရဲ့ အိမ်ဆိုင်မှာ ဆိုင်စောင့်ရင်း အသတ်ခံခဲ့ရတာလို့ မြစ်ကြီးနားအမှတ် ၂ ရဲစခန်းမှူး ဆန်းဦးက ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက် ပြီးတော့လည်း ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ အမှတ် ၂ ရဲစခန်းက ရဲမှူးဆန်းဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။

■စစ်ဆေးချက်ရ ဒီလူသတ်မှုဖြစ်စဉ်က ဘယ်လိုဖြစ်ခဲ့တာလဲ။

●“ဖြစ်စဉ်ကတော့ လက်ရှိအနေအထားအရ မနေ့တုန်းက ၅ နာရီခွဲလောက် ကျနေ်ာတို့ကို အကြောင်းကြားတာပေါ့။ ၅ နာရီိခွဲမှာ သူ့အစ်ကိုက စတွေ့တာပေါ့။ တရားလိုက တွေ့တော့ ရဲကို ချက်ချင်းအကြောင်းကြားတယ်။ ရဲကချက်ချင်းသွားတယ်။ ”

■သွားတော့ ဘယ်လိုအနေအထားတွေ့ခဲ့ရလဲ။

●“အလောင်းကို စတွေ့တဲ့ နေရာမှာတော့ ပက်လက် အနေအထား အနောက်ဘက်ကို ခြေပြုပြီး အရှေ့ဘက်ကို ခေါင်းပေါ့။ ပက်လက်အနေအထားနဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာနဲ့၊ ကျောကုန်းမှာ ဓားဒဏ်ရာနဲ့ အကျႌက အတွင်းခံ တထည်၊ အပေါ်က တထည်၊ အပေါ်က အနွေးထည် တထည် အောက်က ဘောင်းဘီရှည် နဂိုပုံစံ အတိုင်းပဲ မုဒိမ်းပြုကျင့်ထားတဲ့ အနေအထား မရှိပါဘူး။”

■အဲဒီမှာက သူက တယောက်တည်းပဲ နေတာလားရှင့်။

●“အဲဒီမှာက သူက မနက် ၉ နာရီခွဲ ၁၀ နာရီလောက်ဆိုရင် ဆိုင်သွားဖွင့်တာပေါ့။ ညနေ ၅ နာရီလောက်ဆိုရင် ဆိုင်ပိတ်ပြီး ပြန်သွားတာပေါ့။ အဲဒီမှာ သူ့အစ်ကို တဝမ်းကွဲက ပန်းတိမ်က လူပျို ဆိုတော့ အဲမှာ လာပြန်အိပ်တယ်။ သူကတော့ သူ့အဒေါ်တွေဆီ ပြန်ပြီး အိပ်တာပေါ့။ ဆိုင်ဖွင့်ထားတဲ့ နေရာ ကြက်ပေါင်ခြံ ရပ်ကွက်၊ သူ့အဒေါ်အိမ်ကျတော့ မြေမြစ်ရပ်ကွက်မှာ ၃ မိုင်လောက် ရှိတာပေါ့။”

■ဆိုင်က ဘာတွေရောင်းတဲ့ဆိုင်လဲ။

●“ဆိုင်က အအေးတို့၊ ချိုချဉ်ဆိုင်လေးတို့၊ ပုံမှန် ပစ္စည်းတွေပေါ့။ သူဖွင့်ထားတာမဟုတ်ဘူး။ သူ့အစ်ကို တဝမ်းကွဲတွေ ဥစ္စာပေါ့။ အမေညီမတွေ မွေးတဲ့မောင်ပေါ့။ အောင်ကိုလင်းရဲ ဆိုင်ပေါ့။ သူက လတ်တလော အလုပ်အကိုင် မရှိသေးဘူး။ ပထမဦးဆုံးသူက ဗန်းမော် သူနာပြု တက္ကသိုလ်မှာ ကျောင်းပြီးတယ်။ ကျောင်းပြီးတဲ့ အချိန်ကျတော့ မန္တလေးကို တာဝန် ကျတယ်။ မန္တလေးမှာ ၃ လ လောက်ပဲ အလုပ်လုပ်ပြီးတော့ မပျော်လည်း မပျော်ရော အဲဒီလုပ်ကနေ ထွက်လာပြီးတော့ မြစ်ကြီးနား သူ့အဒေါ်တွေရှိတဲ့နေရာမှာ ၂၀၁၄ ခု မှာ အီးမေဂျာ စတက်တယ်။ ဒုတိယနှစ်အခု ဒီနှစ်အောင်သွားတာပေါ့။ အောင်ပြီး တတိယနှစ်တက်မယ့်အချိန် ပေါ့။”

■တရားခံကို ဖမ်းဆီးရမိဖို့ ရဲက ဘာသတင်းအစအနတွေ ရပြီလဲ။

●“ကျနေ်ာတို့ အခု အခင်းဖြစ်တဲ့နေရာမှာ ကျန်ခဲ့တဲ့ ဆေးလိပ်တိုတို့၊ နောက်ဖြစ်ထားတဲ့ ဒဏ်ရာ ဒဏ်ချက်တို့ နောက်အခု ဒီကောင်မလေးရဲ နောက်ကြောင်းကို လေ့လာလိုက်တဲ့ အချိန်မှာ သူက ရည်းစားနည်းနည်း များတယ်။ ဖေ့ဘွတ်ခ်တွေ ဘာတွေမှာ သူ့အကောင့်ကို ဝင်ကြည့်တဲ့ အချိန်မှာ မူလကြိုက်တဲ့ ရည်းစားနဲ့ ဘာမှ ပတ်သက်မှုတော့ မရှိဘူး။ အဲဒီကလေးကလည်း ရှိနေတယ် ဆိုတာ သိတယ်။ ဘာမှ လှုပ်ရှားမှုမရှိဘူးဆိုတာ မနေ့က စစ်ပြီးပြီပေါ့။ နောက်ကျန်တဲ့ သံသယဖြစ်တဲ့ ဥစ္စာတွေက ဒီလောက်အသက်အရွယ်နဲ့ဆိုရင် သူ့မှာရှိတဲ့ စိတ်ဝေဒနာရှင် များလား။ ဒီကောင်မလေးက ချောတော့ချောတယ်။ သူ့ကိုကြိုက်ပြီးတော့ ဒီကောင်လေးက သဘောမတူလို့များ လုပ်တာလားဆိုတာ သုံးသပ်တာပေါ့။ ”

■သူ့ကိုလာသတ်တာ ဘယ်နှစ်ယောက်လို့ ရဲက သံသယရှိလဲ။

●“ တယောက်ထဲပါ။ တယောက်ထဲပါ။ ကျနော်တို့ အခု ရင်ခွဲပြီးတော့ ၀၉း၄၀ ကနေ ၁၁း၂၀ အထိ ရင်ခွဲ စစ်ဆေးတာ။ ဆရာဝန်ကြီးတွေနဲ့ ဆရာဝန်ကြီးတွေ ကလည်း ကချင်အမျိုးသားတွေပါပဲ။ သူတို့နဲ့ စစ်ဆေး ဆောင်ရွက်တဲ့အချိန်မှာ အဲဒါတွေ သွားတွေ့တာပေါ့။ ဓါးက ထိုးထားတဲ့ဟာက ဒဏ်ရာတခုထဲပေါ့။ ပြန်နှုတ်လိုက်တဲ့ အချိန်မှာ နည်းနည်း အပေါက်ကျယ် သွားတာပေါ့။ အတွင်းကလီစာ ထိတွေ့တဲ့ဟာတွေက အတူတူပဲ ဓါးဦးချွန်ပဲ။ ”

■ဒါဆို လူတယောက်က လုပ်တာလား၊ လူတစုက လုပ်တာလား၊ ဘယ်လိုကောက်ချက်ချလဲ။

●“လူတယောက်တည်းပါခင်ဗျာ။ လတ်တလော ဒဏ်ရာကို ကြည့်ခြင်းအားဖြင့် လူတယောက်တည်းလို့ သုံးသပ်တာပေါ့။ လူတယောက်တည်းက အချစ်စိတ်နဲ့သော် လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အရသော် လည်းကောင်း၊ ဒီလောက်အချက်ရေကျတော့ ကျနော်တို့ သုံးသပ်တာပေါ့။ ကျနော်တို့ ရဲအတွေ့အကြုံနဲ့ ကျနော်တို့ တွေ့ရှိတဲ့ ရင်ခွဲစစ်ဆေးမှုနဲ့။ ”

■သူက လူ့အခွင့်အရေး လှုပ်ရှားတဲ့ သူလို့လည်း သိရတယ်။ အဲဒါနဲ့ကော ဆက်စပ်မှုရှိနိုင်လား။

●“အဲလိုတော့ ဆက်စပ်မှု မရှိနိုင်ပါဘူး။ လူ့အခွင့်အရေး ဆိုတာထက် ဒီလိုရှိပါတယ်။ သူက ဟိုကနေ အလုပ် ထွက်လာပြီး မပျော်လို့ဆိုပြီးတော့ အဒေါ်ဆိုင်မှာ အလုပ် လုပ်တယ်။ အန်ဂျီအိုဘာညာ၊ စစ်ဘေးရှောင် အဖွဲ့တွေက သူရည်းစားက ရှိတော့ အဲလိုမျိုး ဝိုင်းပြီးတော့ လိုက်လုပ် ပေးတာပါ။ ဟိုလိုမျိုး အခွင့်အရေးတွေနဲ့ မဆိုင်ပါဘူး။ လိုက်ပြီး ကူညီပေးတယ် ဆိုတာက သူ့ရည်းစားလေးက အဲဒီဌာနမှာ လုပ်တော့၊ စစ်ဘေးရှောင် အဖွဲ့တွေ ဘာတွေနဲ့ လုပ်တယ်။ လွန်ခဲ့တဲ့ ၂ လလောက်က အဲဒီအဖွဲ့တွေ ခဏ ရပ်နေတယ်။ အဲဒီမှာ ကူညီ ဆောင်ရွက်ပေးတာ။ သူ့ရဲ့ ပင်မလုပ်ငန်းက အဒေါ်အိမ်မှာ နေတယ်။ ဆိုင်လေး ထွက်တယ်။ ဒါပဲ။ ”

■သူအသတ်ခံရတဲ့နေရာမှာ လူသူပြတ်လို့လား။

●“တော်တော်ပြတ်တယ်။ သူက ရပ်ကွက်ရဲ့ထိပ်မှာ ဆိုင်ပေါ့။ ဘေးမှာ ဘုန်းကြီးကျောင်း အကျယ်ကြီးပဲ။ အရှေ့ဘက်မှာ ကျတော့ ဘောလုံးကွင်းအဟောင်း၊ လယ်ကွင်းကြီးပေါ့။ တောင်ဘက်တွေကျတော့ ခြံတွေက ခြံအကျယ်ကြီးတွေပေါ့။ သူတို့ဦးလေးတွေက ခြံတွေဘာတွေရထားတော့ အိမ်လေးဆောက်ပြီးတော့ တောင်ဘက်လောက်မှာ စျေးဆိုင်လေးရောင်းတာပေါ့။ စျေးဆိုင်က တနေ့မှ ၁၈၀၀၀ ဖိုးလောက်ပဲ ရတဲ့ စျေးဆိုင်လေးရောင်းပြီးတော့ နေကြတဲ့သဘောပါပဲ။”

■အခင်းဖြစ်တဲ့ အချိန်က ဘယ်အချိန်လောက်မှာ ဖြစ်တာလဲ။

●“ ၅ နာရီခွဲလောက်မှာ သူ့အစ်ကိုက တွေ့တယ်။ ရဲက ၅ နာရီ ၄၅ မှာ ချက်ချင်းရောက်သွားတယ်။ အလောင်းနဲ့ပတ်သက်ပြီး ဆရာဝန်ကြီးတွေရဲ့ ဆေးစာထင်မြင်ချက်အရ သေဆုံးချိန် ခန့်မှန်းချိန် နေ့လည် ၁ နာရီကနေ ၅ နာရီကြားမှန်းတာပေါ့။ ”

■အခုနောက်ဆုံး ရဲအနေနဲ့ တရားခံဖမ်းမိရေးအတွက် ဘာတွေလုပ်ဆောင်နေပါလဲ။

●“တရားခံဖမ်းမိရေးအတွက် အခုကျနော် စခန်းမှူးက အမှုကို အသေးစိတ် စစ်ဆေးတဲ့ အတွေ့အကြုံအရ အဖွဲ့ ၃ ဖွဲ့ ဖွဲ့တယ်။ ဘယ်သူဖြစ်နိုင်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ။ ဒုရဲအုပ်၊ နယ်ထိန်းခေါင်းဆောင်အဖွဲ့၊ ဒုစခန်းမှူး ရဲအုပ်တင့်လွင်အဖွဲ့၊ စခန်းမှူး ကျနော်အဖွဲ့နဲ့ အဲလို တောက်လျောက်စစ်ပြီးတော့မှ မသင်္ကာတဲ့သူတွေ၊ စိတ်ဝေဒနာရှင်တွေ၊ ဆေးကြောင်တဲ့ လူတွေများရှိမလား၊ နောက်သူရဲ့ ချစ်သူတွေရဲ့ နောက်ကြောင်းကို နည်းမျိုးစုံနဲ့ပေါ့။ ၂၄ နာရီ အတွင်း ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ”

■ဟုတ်ကဲ့ပါရှင်။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

●“ဟုတ်ကဲ့ပါ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။”

Credit

DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။