မကြာသေးမီက ရေကြီးမှုပြင်းထန်ခဲ့ပြီး ရေဘေးဒုက္ခအပြင်းဆုံးခံစားခဲ့ရတဲ့ ကရင်ပြည်နယ်ဒေသများစွာကတော့ လက်ရှိ ဒုတိအကြိမ်ရေကြီးမှုကို ခံစားနေရပြန်ပါပြီ။ ကရင်ပြည်နယ်မှာ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ ကမမောင်းတွေမှာ ရေကြီးရေလျှံမှုတွေ ထပ်မံဖြစ်ပွားနေတာပဲဖြစ်ပါတယ်။ ဘားအံမြို့မှာ ပထမတခေါက် ရေကြီးမှုဖြစ်ပွားခဲ့တုန်းက ကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားခဲ့ပြီး ရေပြန်ကျသွားတဲ့အတွက် စခန်းတချို့ပိတ်က ၅ ခု ကျန်နေခဲ့ရာ အခုရက်ပိုင်း ရေပြန်တက်လာတဲ့အတွက် ကယ်ဆယ်ရေးစခန်း ၁၁ ခု ပြန်လည်ဖွင့်လှစ်ထားရတယ်လို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ပြောပြခဲ့ပါတယ်။ 

“အခုက ရေလည်းဆင်းလာတဲ့အတွက် မြစ်ရေတက်လာမှုတော့ရှိပါတယ်။ ကယ်ဆယ် ရေးစခန်း ဆက်ဖွင့်နိုင်အောင်လည်း ပြင်တော့ ပြင်ဆင်နေပြီပေါ့။ စခန်းက အခု ၁၁ ခုရှိသွားပြီ။ လူဦးရေက ၈၀၀၀ ကျော်ရှိသွားပြီ။” သံလွင်မြစ်ရေရဲ့ ဒီကနေ့ ဘားအံမြို့မှာ တိုင်းတာချက်အရ ၉၁၁ စီတီမီတာ ရောက်ရှိနေပြီဖြစ်လို့ စိုးရိမ်ရေမှတ်ကျော်လွန်နေပါတယ်။ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှန်ဟာ ၇၅၀ ဖြစ်ပါတယ်။ ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အရမ်းမခက်ခဲသေးပေမယ့် ဘားအံ မော်လမြိုင်သွားလမ်းတွေက မြင့်တဲ့ကားတွေသာ သွားလာလို့ရကြောင်း သိရပါတယ်။ ဘားအံမြို့နယ် အတွင်းက သံလွင်မြစ်ဘေးတလျှောက်နေထိုင်တဲ့ ကျေးရွာအုပ်စု ၂၆ စု ကျေးရွာပေါင်း ၅၀ လောက်က ကျေးရွာတွေမှာ ရေပြန်တက်လာတာလို့လည်း ဦးဇေထက်အောင်က ပြောပြခဲ့ပါတယ်။ အလားတူ ဖာပွန်မြို့နယ် ကမမောင်းကျေးရွာမှာလည်း အခုရက်ပိုင်း သံလွင်မြစ်ရေ ကြီးမှုကြောင့် ရပြန်တက်လာတဲ့အတွက် အိမ်ခြေ ၃၀၀၀ ကျော်ထဲကမှ ၂၀၀၀ ကျော် ရေနစ်မြုပ် နေတယ်လို့လည်း ကမမောင်းမြို့ခံ ဦးစောနေဝင်းကလည်း ပြောပြခဲ့ပါတယ်။ 

“ဖာပွန်ကတော့ အဲလောက်ထိ မရှိပေမယ့် အခု ကမမောင်းဘက်မှာတော့ သံလွင်မြစ်ရေ ဝင်ပြီးတော့ တရွာလုံးနီးနီး လွှမ်းနေတယ်။ အိမ်ခြေ ၃ ထောင်ကျော်ထဲမှ ၂ ထောင်ကျော်တော့ နစ်မယ်။ ကျနော်တို့ အိမ်အောက်ဆိုရင် ရင်ညွန့်လောက်ရှိတာပေါ့နော်။ ကျနော်တို့ အပေါ်ထပ် မှာပဲ နေနေရတယ်။ ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်ထားတယ်။ ” ကမမောင်းမှာ ဒုတိယကြိမ် ရေထပ်ကြီးပေမယ့် ကယ်ဆယ်ရေးအကူအညီတွေ အခုချိန်ထိ မရသေးသလို လာရောက်ဆက်သွယ်တဲ့သူ မရှိသေးကြောင်း သိရပါတယ်။ လှိုင်းဘွဲ့မြို့မှာလည်း လှိုင်းဘွဲ့ချောင်းရေ ပြန်တက်တဲ့အတွက် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နစ်မြုပ်နေပြီလို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်း ဇွန်လိုင်လကုန်ပိုင်းကစပြိး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကယ်ဆယ် ရေးစခန်းအများအပြား ဖွင့်လှစ်ထားရပြီး ရေပြန်ကျတဲ့အခါမှာ ရေအကုန်အစင်မကျဘဲ သြဂုတ် ၁၃ ရက်လောက်ကစပြီး သံလွင်မြစ်ရေ ပြန်တက်လာတဲ့အတွက် တကျော့ပြန် ရေကြီးရေ လျှံမှုတွေ ဖြစ်နေတာပဲဖြစ်ပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။