မိန်းကလေးများ ဖတ်သင့်တဲ့ Post တစ်ခု

အွန်လိုင်းပေါ် အမဲလိုက်ထွက်သော မုဆိုးများအကြောင်း

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းသုံးစွဲသူ မိန်းမငယ်လေးများအား အွန်လိုင်း စာမျက်နှာများမှတစ်ဆင့် အစီစဉ်တကျ အကွက်ကျကျ ဖြားယောင်း သွေးဆောင် လာသူများမှာလည်း တစ်နေ့တခြား ပေါများလို့လာနေသည်။

သူတို့၏ အဓိကလက်နက်ကား အခြားမဟုတ် နည်းလမ်း အမျိုးမျိုးဖြင့် ယုံကြည်မှုရအောင် သိမ်းသွင်းယူခြင်းပင်။ သူတို့ရဲ့ သားကောင်အဖြစ် သတ်မှတ်ကာ သူတို့ ချဉ်းကပ်မည့် မိန်းကလေးများအား သေသေချာချာ အချိန်ယူ လေ့လာတတ်ကြသလို သူတို့ လိမ်လည်လို့ အဆင်ပြေလောက်မည့်သူကိုသာ ရွေးချယ်လေ့ ရှိကြောင်းလည်း အွန်လိုင်းဆိုက်ဘာ မှုခင်းများနှင့် ပတ်သက်၍ လေ့လာသူတစ်ဦးက သုံးသပ် ပြောကြားခဲ့ဖူးသည်။

အလိမ်ခံရသော မိန်းကလေး အများစုမှာ မိမိပိုင်ငွေကြေး၊ လက်ဝတ်လက်စားများအပြင် ကိုယ်ခန္ဓာကိုပါ ပုံအပ်လိုက်ရသူ အများအပြား ရှိနေသလို အချို့မှာ ခြိမ်းခြောက်ခံရခြင်းများလည်း ကြုံတွေ့နေရကြောင်းနှင့် ထို့ထက် ဆိုးသည်မှာ တချို့ အမျိုးသမီးငယ်များဆိုလျှင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းနှင့် အသတ်ခံရခြင်းများအထိ ဆိုးရွားစွာ ပြုမူခံရခြင်းများလည်း ရှိနေသည်မှာ မှုခင်းဖြစ်ရပ်များစွာက သက်သေပြလို့နေသည်။

အချစ်ကြီးလို့ အမျက်ကြီးတာမဟုတ် ... ပစ္စည်းလိုချင်လို့ အသေသတ်တာ ...

လူမှုကွန်ရက်တွင် ချစ်သူအဖြစ် ဟန်ဆောင်ကာ အချိန်ယူ တွေ့ဆုံပြီးနောက် မိန်းကလေးပိုင်ဆိုင်မှုများအား လုယက်ရယူပြီး မိန်းကလေးကိုပါ ရက်ရက်စက်စက် သတ်ပစ်သည့် ဖြစ်စဉ်များမှာလည်း လွန်ခဲ့သောနှစ်များမှ ယနေ့အထိ ဖြစ်ပွားမှု ပိုမိုများလာကာ လတ်တလောတွင် လူသိများနေသော ဖြစ်စဉ်တစ်ခုမှာ ထားဝယ်ခရိုင်၊ ကမြောကင်း တံတားပေါ်တွင် ရည်းစားနှင့် ချိန်းတွေ့စဉ် ရည်းစားဖြစ်သူက လက်ပြန်ကြိုးတုပ်ကာ မြစ်ထဲသို့ ပစ်ချခြင်းခံခဲ့ရသော အမျိုးသမီးငယ်၏ ဖြစ်ရပ်မှာ လူအများကြား အတော်လေး ဟိုးလေးတကျော်ဖြစ်သည့် ရက်စက်မှု ဖြစ်ခဲ့ရသည်။

သို့သော် ထိုအမျိုးသမီးငယ်မှာ သူမအား နောက်ပြန် တုပ်ထားသော ဖုန်းကြိုးမှ ရုန်းထွက်နိုင်ခဲ့ကာ မြစ်ထဲတွင် ကူးခတ်စဉ် သဲစုပ်လှေတစ်စီး၏ ကယ်တင်မှုကိုခံခဲ့ရပြီး ရေနစ်သေဆုံးရမည့် အသက်ဘေးမှ သီသီကလေး လွတ်မြောက်ခဲ့ရသည်။ အဆိုပါဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူ ရည်းစားဆိုသူမှာ အသက် ၁၉ နှစ်အရွယ် ကောင်လေးဖြစ်သလို ရေထဲပစ်ချခံရသူ ကောင်မလေး အသက်မှာလည်း အသက် ၁၉ နှစ်ပင် ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ကျူးလွန်သူအား ဖမ်းမိခဲ့သော်လည်း မိန်းကလေးအတွက်မူ အွန်လိုင်းမှ ချစ်သူအား ယုံကြည်မိခဲ့သည့်အတွက် မသေရုံတမည် စိတ်ဒဏ်ရာများ ရခဲ့မှာတော့ အသေအချာပင်။

အဆိုပါဖြစ်စဉ်နှင့် အလားတူ ဖြစ်စဉ်များမှာ လူမှုကွန်ရက် သုံးစွဲမှု မြင့်မားသော နိုင်ငံများတွင် မကြာခဏဆိုသလို ဖြစ်ပွားနေသော လူသတ်မှုဖြစ်စဉ်များဖြစ်ကာ ယင်းဖြစ်စဉ်များထဲမှ ထိုင်းနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်က အသတ်ခံခဲ့ရသော မြန်မာမလေးတစ်ယောက်၏ ဖြစ်စဉ်မှာလည်း လူသိများ ကျော်ကြားခဲ့သော လူသတ်မှုတစ်ခု ဖြစ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ အသတ်ခံခဲ့ရသူမှာ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးတစ်ဦး ဖြစ်ကာ သူမအား စွန့်ပစ်ခဲ့သော မိခင်အား အွန်လိုင်းမှ တစ်ဆင့် ရှာဖွေခဲ့သည့် စတေးတပ်များ ရေးသားရင်း လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သည့်သူ တစ်ဦးဖြစ်သည်။

သူမမှာ အွန်လိုင်းမှတစ်ဆင့် ချစ်ကြိုက်ခဲ့သော ချစ်သူတစ်ယောက် ရပြီးနောက် အွန်လိုင်းချစ်သူအား အပြင်တွင်ချိန်းတွေ့ပြီး ကြည်နူးနေပုံများ၊ ချစ်သူက သူမအား အလုပ်မှအိမ် အပို့အကြို လုပ်ပေးနေသည်များ၊ သူမအား မည်သို့ ကြင်နာကြောင်းများကို ကြည်နူးစွာ ရေးသားခဲ့ပြီး ရက်အနည်းငယ် အတွင်းမှာပင် သူမမှာ သူ့ချစ်သူ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး သူမ ပိုက်ဆံအိတ်နှင့် လက်ဝတ်လက်စားများကိုပါ သူ့ချစ်သူဆိုသူက အပိုင်သိမ်းသွားခဲ့သည်။

အဆိုပါ လူသတ်မှုမှာလည်း လူသတ်တရားခံကို အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့သော်လည်း ကျန်ရစ်ခဲ့ရှာသည့် သူမ၏ လူမမယ်သမီးလေး အတွက်ကတော့ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ခဲ့တာကို ဘယ်သူမှ သတိမပြုမိခဲ့ ...။

အွန်လိုင်းပေါ်မှ ရုပ်ပြစား မုဒိမ်းကောင်များ

လူမှုကွန်ရက်ပေါ်မှ နောက်ထပ် ပြဿနာတစ်ခုမှာ အွန်လိုင်း စာမျက်နှာ အထက်တွင် ခပ်ချောချော၊ ခပ်သန့်သန့်ပုံများ တင်ရင်း မိန်းကလေးငယ်လေးများအား အပြောချိုချိုဖြင့် ပြောဆိုစည်းရုံးကာ အခါအခွင့်သင့်လို့ သူတို့ဆင်ထားသော အကွက်ထဲဝင်သည်နှင့် လက်မနှေးတတ်သော အွန်လိုင်းမှ မုဒိမ်းကောင်များမှာလည်း နေရာအနှံ့တွင် ပုံစံအမျိုးစုံဖြင့် သားကောင်ရှာနေကြသည်မှာ မိန်းကလေးငယ်များ အတွက် အထူးသတိပြုစရာ ကောင်းလှသည်။

“ကျွန်မ သူနဲ့ အွန်လိုင်းမှာ တွေ့ခဲ့တယ်။ ချစ်သူဖြစ်ပြီးတော့ သူနဲ့အတူတူနေတဲ့အထိ ယုံကြည်ခဲ့ပါတယ်။ သူကလည်း ယုံကြည်ချင်စရာကောင်းအောင် ပြောတတ်တယ်။ နည်းနည်းလေး ကြာလာတော့ သူက အွန်လိုင်းက အခြား ကောင်မလေးတွေနဲ့လည်း မကြာခဏတွေ့ပြီး အတူတူနေတာ သိလိုက်တော့ အရမ်းအံ့သြသွားတယ်။ သူ့ကို ရွံလွန်းလို့ အဆက်အသွယ် ဖြတ်ခဲ့ပေမယ့် အခြားမိန်းကလေးတွေ အလိမ်ခံရပြီး ဘဝတွေ ထပ်ပျက်မှာစိုးလို့ သေသေချာချာ စောင့်ကြည့်တော့ သူက တကယ့်ကို ပိပိရိရိနဲ့လိမ်ပြီး သူနဲ့ရင်းနှီးတဲ့ အွန်လိုင်းက မိန်းကလေးတိုင်းကို ခွင်တွေဆင်ပြီး တည်းခိုခန်းတွေ ဟိုတယ်တွေ ခေါ်ခေါ်ပြီး အတူတူနေနေတာ သိခဲ့ရတယ်။ မိန်းကလေးတွေကို သူဖျက်ဆီးခဲ့တာ မနည်းဘူး အစ်မ။ သမီး သူ့ကို ဘယ်လိုနည်းနဲ့မှ တားလို့မရနိုင်တော့ သူ့ကောင်မလေးတွေကို လိုက်ပြောပြတော့ ကိုယ်ကပဲ ဗီလိန်ကြီးလို ဖြစ်သွားရတယ်။ အဲ့ဒီလို မုဒိမ်းကောင်တွေက အွန်လိုင်းကို သားကောင်ရှာစရာနေရာ တစ်ခုလို သဘောထားပြီး သုံးနေတာ”ဟု အသက် ၂၅ နှစ်အရွယ် အမည်မဖော်လိုသူ အမျိုးသမီးက စိတ်ပျက်စွာ ပြောပြခဲ့သည်။

အွန်လိုင်းမှာ တွေ့သမျှ မိန်းကလေးတိုင်းအား ရင်းနှီးအောင်လုပ်ရင်း ကျော့ကွင်းတွေ ထောင်နေသည့် ဒီလိုမျိုး တိတ်တဆိတ် မုဒိမ်းကောင်တွေလည်း အွန်လိုင်းမှာ မြောက်မြားစွာ ရှိနေသလို ညစ်ညမ်းပုံများ၊ စာများနှင့် ပေါ်ပေါ်တင်တင် သားကောင်ရှာနေသော မုဆိုးများမှာလည်း လူမှုကွန်ရက်တွင် တစ်ပုံတစ်ပင်။

ကာမ မုဆိုးများ

“ကျွန်မ သူနဲ့ရည်းစားဖြစ်ပြီး နောက်တော့ သူက ကျွန်မကို ကိုယ်ခန္ဓာ အပေါ်ပိုင်းတွေ ဖော်ပြခိုင်းတယ်။ မပြချင်ရင် အပြင်မှာ လာတွေ့ဖို့ပြောတယ်။ ပြီးတော့ ကျွန်မကို မလုံ့တလုံ တစ်ကိုယ်လုံး ပုံတွေပြခိုင်းတယ်။ ကျွန်မကိုလည်း သူ့ရဲ့ကိုယ်လုံးတီးပုံတွေလည်း ပို့တယ်။ ညစ်ညမ်းတဲ့ စကားတွေလည်း ပြောတယ်။ အဲ့ဒါနဲ့ ကြောက်ပြီး အိမ်က အစ်မကို ဖွင့်ပြောတော့ အစ်မက အရမ်းစိတ်ဆိုးပြီး သူ့ကို လုံးဝ ပြန်မဆက်သွယ်ဖို့ ပြောတယ်။

သူ့ကို ကျွန်မ မဆက်သွယ်တော့ သူက ကျွန်မနဲ့သူ စကားပြောထားတာတွေ စကန်ရိုက်ပြီး အမျိုးမျိုး ခြိမ်းခြောက်တယ်။နောက်ဆုံး သူ့ကို ဆက်ပြီး ပုံတွေ ထပ်ပို့ရင် ရဲတိုင်မယ်ဆိုမှ ရပ်သွားပါတယ်။ အဲ့ဒီ စိတ်ဆင်းရဲမှုက လွတ်ဖို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိတောင် စဉ်းစားဖူးပါတယ်” ဟု ဖြစ်ကြောင်းကုန်စင် ရင်ဖွင့်ပြောလာသူကတော့ အသက် ၂၂ နှစ်အရွယ်ရှိ တောင်ကြီးသူလေး မနွယ်တာပဲ ဖြစ်ပါသည်။

အဆိုပါ ဖြစ်စဉ်များမှာ မြန်မာနိုင်ငံ နေရာအနှံ့တွင် ဖြစ်ပွားနေသလို ယင်းဖြစ်စဉ်အများစုတွင် သားကောင်ဖြစ်ခဲ့ရသော မိန်းကလေးများမှာလည်း ကြောက်ရွံ့မှု၊ အရှက်တရားများကြောင့် သူတို့ ကြုံတွေ့ခဲ့ရသူများအား လူမသိ သူမသိဖြင့်ပင် အဆုံးသတ်လိုက်ကြသည်က များနေသည်။ ဒီလို အရှက်၊ သိက္ခာဆိုသည့် စကားလုံးများကြောင့်ပင် အွန်လိုင်းပေါ်မှ မုဆိုးများမှာ ပိုလို့ပင် အတင့်ရဲလာကြပြီဖြစ်သည်။

အမှုဖွင့်တိုင်ကြားနိုင်

“ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရတဲ့ အနေအထားတွေ အပေါ်မူတည်ပြီး အီလက်ထရောနစ် ပုဒ်မတွေအပြင်၊ အသရေဖျက်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ နစ်နာမှုများစွာ အပေါ် တိုင်ကြား အမှုဖွင့်လို့ရပါတယ်”ဟု ရှေ့နေ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးသမီးအရေးများအား အဓိက ဆောင်ရွက်နေသူ တစ်ဦးကလည်း “အဲ့ဒီလို ရာဇဝတ်ကောင်တွေနဲ့ ပတ်သက်မိရင် ရှက်လို့ဆိုပြီး ဖုံးကွယ်ထားတာဟာ အဲ့ဒီလိုလူတွေကို ကာကွယ်ပေးရာ ရောက်နေပါတယ်။ အဓိက,ကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ပဲဖြစ်ဖြစ် ဒီလိုဖြစ်စဉ်တွေအပေါ် ဘယ်လို တိုင်ကြားအမှုဖွင့်နိုင်တယ်၊ ဘယ်လိုပုဒ်မတွေနဲ့ ငြိနိုင်တယ်၊ ကြောက်ဖို့မလိုဘူး ဆိုတာမျိုးကို အချက်အလက်တွေနဲ့တကွ မကြာခဏ အသိပညာပေး ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။

လူမှုကွန်ရက်သုံးစွဲမှု မြင့်မားသော အာရှနိုင်ငံများနှင့် အနောက်နိုင်ငံများတွင်ပင် ဆိုက်ဘာ မှုခင်းများနှင့် ပတ်သက်၍ ဆိုက်ဘာ ခြိမ်းခြောက်မှု ဥပဒေ (သို့) ဆိုက်ဘာ အကျပ်ကိုင်မှု ဥပဒေများ တိတိကျကျ ပြဋ္ဌာန်းထုတ်ပြန်ရန် လိုအပ်နေပြီဟု ဝေဖန်အကြံပြုချက်များ ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာ အသုံးပြုသူမှာ ၂၀၁၅ခုနှစ်အတွင်း ခုနစ်သန်းအထိ မြင့်တက်လာခဲ့ကြောင်း စာရင်းများက ဖော်ပြနေသလို အဆိုပါ သုံးစွဲသူများတွင် အွန်လိုင်းပေါ်တွင် သားကောင်ရှာနေသော မုဆိုးများ မည်မျှရှိနေကာ သားကောင် ဖြစ်ခဲ့ရသော မိန်းကလေး မည်မျှခန့် တိုးပွားနေပြီလဲ ဆိုသည်မှာလည်း စိုးရိမ်စရာကောင်းလှသော အနေအထားတစ်ရပ်သို့ ရောက်နေပြီ ဖြစ်သည်။ အွန်လိုင်းတွင် အစော်ကားခံရမှုများ၊ ခြိမ်းခြောက်ခံရမှုများအတွက် အမှုဖွင့် တိုင်ကြားနိုင်သည်ဟု ဆိုသော်လည်း ယင်းဖြစ်စဉ်များအား ပွင့်လင်းရဲရင့်စွာ တိုင်ကြားနိုင်သူ အမျိုးသမီးများ နည်းပါးနေခြင်းမှာ ပြင်ပတွင် အကြမ်းဖက် သတ်ဖြတ်ခံရနိုင်သည့် အခြေအနေများအား စိုးရိမ်ရေမှတ်သို့ တွန်းပို့သလို ဖြစ်နေသည်ကိုတော့ အထူးသတိပြုဖို့ လိုအပ်လာနေပြီ ဖြစ်သည်။

Credut - နော်ရာမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။