(သေချာသိသင့်တာမို့ အစအဆုံး ဖတ်ကြည့်စေချင်)

အခြားသော ကံများက တားဆီး၍ မရဘဲ သေပြီးသည်နှင့် ဧကန်မုချအကျိုးပေးမည့် ကံတွေကို ဂရုကကံလို့ ခေါ်ပါတယ်။

အဲဒီ ဂရုကကံတွေကတော့ ကုသိုလ်အရာမှာဆို မဟဂ္ဂုတ်ကုသိုလ်ကံတွေကို ဆိုလိုပါတယ်။စျာန်ရ သူတော်ကောင်းများဟာ သေသောအခါ အပါယ်ငရဲမကျတော့ဘဲ မိမိတို့ ရသော စျာန်အားလျော်စွာ ဗြဟ္မာ့ဘုံများမှာ ဖြစ်ကြပါတယ်။

အကုသိုလ်အရာမှာတော့ (၆ )မျိုးရှိပါတယ်။အဲဒါတွေကတော့ ပဥ္စာနန္တရိယကံ ငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိတို့ဘဲ ဖြစ်ပါတယ်။ ပဥ္စာနန္တရိယကံ ငါးပါးဆိုတာကတော့

၁။ မိခင်အရင်းကို သတ်ခြင်း ၂။ ဖခင်အရင်းကို သတ်ခြင်း

မိဘမှန်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သေစေလိုသောစိတ်ဖြင့် သတ်လျှင် အနန္တရိယကံထိုက်ပါတော့တယ်။အခြားသူကို သေစေလိုသောစိတ်ဖြင့် သေနတ်ဖြင့် ပစ်လိုက်လို့ မိဘတွေကို ထိမှန်ပြီး သေရင်လည်း အနန္တရိယကံထိုက်ပါတယ်။အကယ်၍ မိဘများက တိရိစ္ဆာန်ဖြစ်နေရင် သတ်သည့်အတွက် အနန္တရိယကံမထိုက်သော်လည်း ထိုကံနီးပါးလောက် ဆရာတော်ကြီးများက မိန့်တော်မူပါတယ်။ယခု ခေတ်အခါမှာ အရက်မူးလို့ ကိုယ့်မိဘအရင်းကို သတ်မိတာမျိုးတွေ ရှိနေတာ သတိပြုသင့်ပါတယ်။

၃။ ကိလေသာကင်းကွာ ရဟန္တာကို သတ်ခြင်း

ရဟန္တာဖြစ်ပြီးသူကို သတ်မှ အနန္တရိယကံ ထိုက်တာ မဟုတ်ပါဘူး။ရဟန္တာမဖြစ်ခင် သတ်ပြီး ရဟန္တာဖြစ်ပြီးမှ သေရင်လည်း အနန္တရိယကံထိုက်ပါတယ်။

၄။ သက်တော်ထင်ရှား မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုခြင်း

ယခုအချိန်မှာ မြတ်စွာဘုရားသက်တော်ထင်ရှားမရှိတော့သည့်အတွက် ဘုရားကို သွေးစိမ်းတည်အောင် ပြုခြင်းဆိုတဲ့ကံကတော့ ယခုခေတ်မှာ မဖြစ်နိုင်တော့ပါဘူး။

၅။ သံဃာအသင်းကွဲအောင် အားထုတ်ခြင်း ဆိုတဲ့ ကံငါးပါးဘဲ ဖြစ်ပါတယ်။

သံဃာအသင်းကွဲအောင် အားထုတ်တယ်ဆိုတာကတော့ တစ်သိမ်တည်းမှာ ကံပြုနေတဲ့ သံဃာတွေကို တစ်ဖက်နဲ့တစ်ဖက် ကွဲပြားအောင် ကြံဆောင်ပြီး မိမိရဲ့ အားထုတ်မှုကြောင်း ထိုသံဃာများက တစ်သိမ်တည်းမှာ ကံသီးခြားခွဲပြုမယ် ဆိုရင် သံဃဘေဒကကံထိုက်ပါတော့တယ်။ဒီကံနဲ့ ပတ်သက်လို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီး လူတွေ သာမဏေတွေ သံဃဘေဒကအပြစ်မရှိနိုင်သော်လည်း လူ သာမဏေများက သံဃာတွေ တစ်ဖက်နဲ့ တစ်ဖက် ကွဲပြားအောင် သွေးထိုးလှုံ့ဆော်မှုတွေ ပြုမယ်ဆိုရင် ထို သံဃဘေဒကကံအပြစ်နီးပါးလောက် အပြစ်ကြီးနိုင်တယ်လို့ မိန့်တော်မူပါတယ်။

နိယတမိစ္ဆာဒိဋ္ဌိ ဆိုတာကတော့

နတ္ထိကဒိဋ္ဌိ - ကုသိုလ်အကုသိုလ်ဆိုတာ မရှိဘူး ကုသိုလ်အကုသိုလ်ကံရဲ့ အကျိုးဆိုတာ မရှိဘူး အဖေ အမေဆိုတာမရှိ ဘူး နောက်ဘဝဆိုတာ မရှိဘူး သေလျှင်ပြီးပြီ ဆိုတဲ့အယူအဆမျိုး

အဟေတုကဒိဋ္ဌိ - အကြောင်းတရားလည်းမရှိ၊ အကျိုးတရားလည်းမရှိဆိုတဲ့ အယူဝါဒမျိုး

အကိရိယဒိဋ္ဌိ - ကောင်းမှုပြုသော်လည်း ကောင်းမှုပြုသည်မမည်၊ မကောင်းမှုပြုသော်လည်း မကောင်းမှုပြုသည်မမည်လို့ ယူဆတဲ့ အယူဝါဒမျိုး

ဒီ ဒိဋ္ဌိသုံးမျိုးထဲက တစ်မျိုးမျိုးကို ဘုရားရှင်အဆူဆူတို့ ချေချွတ်သော်လည်း မကျွတ်နိုင်လောက်အောင် စွဲစွဲမြဲမြဲ လက်ခံကျင့်သုံးပါက နိယတမိစ္ဆာဒိဋ္ဌိမည်ပါတယ်။

တစ်နည်းအားဖြင့် ဒီ မိစ္ဆာဒိဋ္ဌိသုံးမျိုးဟာ သေပြီးသည်နောက် အပါယ်ငရဲကို သေချာပေါက်ကျရောက်စေမှာဖြစ်လို့ နိယတမိစ္ဆာဒိဋ္ဌိလို့ ခေါ်ပါတယ်။

ဒီ အကုသိုလ်ကံ ခြောက်မျိုးထဲက ပဥ္စာနန္တရိယကံငါးပါးမှာ သံဃဘေဒကကံက အပြစ်အကြီးဆုံးပါ။သို့သော် သံဃဘေဒကကံထက် အပြစ်ကြီးတာကတော့ နိယတမိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။

သံဃဘေဒကကံကြောင့် အဝီစိငရဲသို့ကျရောက်နေသောသူဟာ ငရဲသက်မပြည့်ခင် ကမ႓ာပျက်ရင် ငရဲမှလွတ်ပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိကံကြောင့် အပါယ်ငရဲကျနေသူတွေကတော့ ကမ႓ာပျက်တာတောင် ငရဲက မလွတ်ဘဲ အခြားကမ႓ာရှိငရဲကို ပြောင်းပြီး ငရဲဒုက္ခခံရပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များအတွက် ငရဲသက်တမ်းသတ်မှတ်ချက်ဆိုတာ မရှိပါဘူး။ အယူကို မစွန့်မချင်း ငရဲမှာ ဒုက္ခခံရပါတယ်။

အရှင်ဝိဝေကာလင်္ကာရ (ညောင်ဦး)

ကိုးကား - သဂြိ င်္ုဟ်ဘာသာဋီကာ - ၃၄၁/ ၃၇၉

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။