မိုတယ်အခန်းတွင်း မူးယစ်ဆေးသုံးပြီး မိန်းကလေးနှင့်ပျော်ပါးသည့် ဘုန်းကြီးကို ဖမ်းဆီး

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မိုတယ်အခန်းတခုအတွင်း မိန်းကလေးတဦးနဲ့အတူ မူးယစ်ဆေးသုံး ပျော်ပါးခဲ့တဲ့ ဘုန်းကြီးတပါးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

စစ်သားတွေနဲ့ ဒေသတွင်း တာဝန်ရှိသူတွေဟာ ချစ်သူများနေ့မှာ ဟိုတယ်တွေနဲ့ တခြားနေရာတွေမှာ မသင်္ကာဖွယ် အပြုအမူတွေနဲ့ ကျင်လည်ကျက်စားနေသူတွေကို လှည့်လည်စစ်ဆေးခဲ့ကြချိန် အဲဒီမိုတယ်ရှေ့မှာ ရပ်ထားတဲ့ ဟွန်ဒါအမျိုးအစားကားပေါ်မှ သင်္ကန်းနဲ့ ဘုန်းကြီးသုံး အိတ်တလုံးကို စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။

သူတို့ဟာ မိုတယ်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး အခန်းတံခါးခေါက်လိုက်ချိန်မှာ ခေါင်းတုံးရိတ်ထားတဲ့ သင်္ကန်းစဘောင်းဘီတိုဝတ် အမျိုးသားကို အသက် ၁၉ နှစ်အရွယ် မိန်းကလေးတဦးနဲ့အတူ တွေ့ခဲ့ရတာပါ။

အခန်းတွင်းမှာ စိတ်ကြွမူးယစ်ဆေးပြား ၆ ပြားနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ကောက်ရိုးပိုက်တွေကိုပါ ရေချိုးခန်းတွင်းမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီဘုန်းကြီးရဲ့နာမည်ကိုတော့ ဝပ်သီချိုင်ပရွန်မာလို့ ဖော်ပြထားပြီး အသက် ၃၅ နှစ်အရွယ်ရှိကာ မောင်ခရိုင်တွင်း ဘုန်းကြီးကျောင််းတကျောင်းမှဖြစ်တယ်လို့ ဆိုပါတယ်။

အခန်းတွင်း အတူတွေ့ရတဲ့ မိန်းကလေးက သူဟာ ဘုန်းကြီးနဲ့ ဖုန်းပေါ်ကနေတဆင့် ရင်းနှီးခဲ့ကြကာ ချစ်သူများနေ့ကို မူးယစ်ဆေးသုံးပြီး အတူတကွ ပျော်ပါးကြဖို့ ခုလို ရောက်လာခဲ့တာလို့ ဝန်ခံထွက်ဆိုပါတယ်။

သူတို့ ၂ ဦးစလုံးရဲ့ဆီးကို စစ်ဆေးခဲ့ချိန်မှာတော့ ဆီးထဲမှာ ဥပဒေအရ ပိတ်ပင်ထားတဲ့ မူးယစ်ဆေးဝါးပမာဏ တွေ့ရှိခဲ့ရတဲ့အတွက် ဆက်လက်စစ်ဆေး အရေးယူဖို့ မောင်ခရိုင်ရဲစခန်းဆီ လွှဲပြောင်းခဲ့ပါတယ်။

Source: DVB news

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။