ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ကြသည့် ရှမ်းယူနိုက်တက်နှင့် ရတနာပုံ အသင်းတို့၏ ပွဲစဉ်တွင် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ တက်ရောက် ခဲ့ခြင်း မရှိသည့် ရတနာပုံ အသင်း နည်းပြချုပ် ရီနီအား မြန်မာနေရှင်နယ်လိဂ်မှ တစ်ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေကျပ် ၁ သိန်း ပေးဆောင်စေရန် ပြစ်ဒဏ် ချမှတ် ခဲ့သည်။

သို့သော် ရတနာပုံ အသင်းမှ ၎င်းတို့၏ နည်းပြချုပ် အနေဖြင့် အရေးပေါ် အကြောင်း ကိစ္စကြောင့် သတင်းစာ ရှင်းလင်းပွဲ မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အထောက် အထားများဖြင့် တင်ပြလာခဲ့ သောကြောင့် ရီနီအား ချမှတ်ခဲ့သည့် ပြစ်ဒဏ်ကို အနည်းငယ် လျော့ပေါ့ကာ ပြင်ဆင်ချမှတ်မှု ပြုလုပ်ခဲ့သည်။

ရတနာပုံ အသင်းအနေဖြင့် ၎င်းတို့ နည်းပြချုပ် ရီနီအော်စကာသည် နိုင်ငံကူးလက်မှတ် အသစ် ပြုလုပ်ရန် အတွက် ယင်းည (၇) နာရီတွင် ထိုင်းနိုင်ငံသို့ အရေးပေါ် ပြန်သွားခဲ့ရ သဖြင့် သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ကြောင်းကို လေယာဉ် လက်မှတ် မိတ္တူနှင့်တကွ တင်ပြ လာခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ရတနာပုံ အသင်း နည်းပြချုပ် ရီနီအော်စကာ အနေဖြင့် မူလချမှတ်ထားသည့် ပြစ်ဒဏ်နှစ်ရပ်မှ တစ်ရပ်ဖြစ်သည့် ဒဏ်ကြေး ၁ သိန်းကျပ်ကို အနီးစပ်ဆုံး ပွဲမတိုင်မီ ပေးဆောင်ရမည် ဖြစ်ပြီး ယင်းသို့ ပေးဆောင်ရန် ပျက်ကွက်ခဲ့ပါက ထပ်တိုး ဒဏ်ငွေ (သို့မဟုတ်) ယင်းပွဲကို တာဝန်ယူ ကိုင်တွယ်ခြင်း မပြုရန် စသည့် ထပ်တိုးပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည် ဖြစ်သည်။ ထို့အပြင် နောက်နောင် အလားတူ ပျက်ကွက်မှုမျိုး မဖြစ်စေရန် ကာယကံရှင်နှင့် ကလပ်အသင်းကိုပါ နောက်ဆုံးအကြိမ်အဖြစ် သတိပေးမှု ပြုလုပ်ခဲ့ပြီး ထပ်မံ ကျူးလွန်ပါက သတ်မှတ်စည်းမျဉ်း စည်းကမ်း များနှင့် အညီ ချက်ချင်း အရေးယူသွားမည့် အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ပါ တင်ပြ၍ ထိရောက်ပြင်းထန်သော အပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်ကြောင်း သတိပေးမှု ပြုလုပ်ခဲ့သည်။

Ref: Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။