အာနာပါနအားထုတ်ရာတွင် အရေးတကြီးလိုက်နာရမည့် စည်းကမ်းများကိုသိရှိ
ထားဖို့လိုသည်။
၁။အရှည်
၂။ အတို
၃။ အစ-အလယ်-အဆုံး = အကုန်လုံး
၄။ ငြိမ်းအောင်ကျင့်ခြင်း = သိမ်မွေ့အောင် ၊ငြိမ်းအောင် =ချုပ်အောင်ကျင့်ခြင်း
ဤသို့အဆင့်လေးဆင့်ရှိရာ ဝင်လေ-ထွက်လေ အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ
တည်နေအောင် ထိမှုထင်းရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတစ်နေရာမှ
စောင့်၍ လေဟူသည့် (= ဝင်လေ-ထွက်လေ) ပညတ်အာရုံအတုံးအခဲ၌ ဘာဝနာစိတ်
ကို ငြိမ်ဝပ်စွာတည်နေအောင် စိုက်ရှုနိုင်သောအခါ
၁။ အသက်ရှုနှေး၍(ရှည်နေလျှင်) အစ-အလယ်-အဆုံး = အကုန်လုံး ကိုထင်ထင်
ရှားရှားသိအောင်
၂။ အသက်ရှုမြန်၍(တိုနေလျှင်) အစ-အလယ်-အဆုံး = အကုန်လုံးကို ထင်ထင်ရှား
ရှားသိအောင် ဝင်လေ ထွက်လေကို ဆက်၍ရှုရ၏။
၃။ ထိုသို့ရှုရာ၌ အသက်ရှုနှေးအောင် သို့မဟုတ် အသက်ရှုမြန်အောင် တနည်း
ရှည်အောင် တိုအောင် သက်သက် မပြုပြင်ဘဲ သဘာဝအတိုင်းပုံမှန်သာ အသက်
ရှုနေပါ။
၄။ ထိုသို့ရှုရာ၌
"ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပတွာ ဘာဝေန္တေဿဝ ဘဝနာ သမ္ပဇ္ဇတိ။"
(ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဆိုလိုရင်_ဝင်သက်လေ ထွက်သက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ်
အထက်နှုတ်ခမ်း အရပ်ကသာ စောင့်၍ ဝင်လေ ထွက်လေ ကိုသတိကပ်၍ ပွားများအားထုတ် သူ၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိ ဘာဝနာ
သည်ပြီးစီး ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဤအထက်ပါ စည်းကမ်းကိုလက်မလွတ် ပါနှင့်။
၅။ သမာဓိအဆင့်မြင့်လာသော် ဝင်လေထွက်လေ မှာ အဆင့်ဆင့်အလွန် သိမ်မွေ့
လာတတ်သည်။ ထိုအခါတွင်__
က။ အသက်ရှုနှေး၍(ရှည်နေလျှင်) အစ-အလယ်-အဆုံး = အကုန်လုံး ကိုထင်ထင်
ရှားရှားသိအောင်
ခ။ အသက်ရှုမြန်၍(တိုနေလျှင်) အစ-အလယ်-အဆုံး = အကုန်လုံးကို ထင်ထင်ရှား
ရှားသိအောင် ဝင်လေ ထွက်လေကို ဆက်၍ရှုနေပါ။
ဂ။ ထိုအခါ သိမ်မွေ့လွန်း၍ မထင်မရှားဖြစ်လာသော ဝင်လေထွက်လေကို ထင်ရှား
အောင် သက်သက် ပြုပြင်၍ အသက်မရှုပါနှင့်။ သဘာဝအတိုင်းသိမ်မွေ့သော
ဝင်လေထွက်လေမှာသာ ဘာဝနာစိတ်ကို ကပ်ထားပါ။ ထိရာအရပ်(နှာသီးဖျား/
အထက်နှုတ်ခမ်း)ကို လက်မလွတ်ပါနှင့်။
၆။ နိမိတ်ပေါ်လာခဲ့သော် မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အရောင်မှာ ပရိကမ္မနိမိတ်
ဖြစ်သည်။ ပကတိဝင်လေထွက်လေ မှာလည်း ပရိကမ္မနိမိတ်ပင် ဖြစ်သည်။ ပရိကမ္မ
နိမိတ်ဟူသည် အခြေခံ ပရိကမ္မသမာဓိ ဖြစ်ပေါ်လာရန် အာရုံအဖြစ်ရပ်တည်၍
ကျေးဇူးပြုပေးနေသော အကြောင်းတရားဟုဆိုလိုသည်။
၇။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အရောင်မှာ ဥဂ္ဂဟနိမိတ်ဖြစ်သည်။
၈။ သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပနေသော နိမိတ်မှာ ပဋိဘာဂ
နိမိတ်ဖြစ်သည်။ အဆင့်အမြင့်ဆုံးသော နိမိတ်ဖြစ်သည်။ ဤကားယေဘုယျ အဖြစ်
များသော နိမိတ်တည်း။
၉။ သို့သော် နိမိတ်မှာ ပုံသဏ္ဌန်အမျိုးမျိုး အရောင်အမျိုးမျိုး ဖြစ်နိုင်သည်။
၁၀။ ဘာဝနာသညာကွဲပြားမှု__
"ဧဝံ ဧကမေဝ ကမ္မဋ္ဌာနံ သညာနာနတာယ နာနတော ဥပဋ္ဌာတိ၊ သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ တသ္မာ သညာ နာနတာယ နာနတော ဥပဋ္ဌာတိ။
(ဝိသုဒ္ဓိ ၊ ၁၊ ၂၇၇။)
သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေဝ ပဝတ္တသညာနံ နာနာဝိဓဘာဝတော။ (မဟာဋီ၊ ၁၊ ၃၃၅။)
ဆိုလိုရင်း___ တစ်ခုတည်းသော ကမ္မဋ္ဌာန်းပင်ဖြစ်လင့်ကစား နိမိန်မပေါ်မီ ရှေ့အဖို့က
ရှေးမဆွက ဖြစ်ပေါ်နေသော ဘာဝနာသညာ အမှတ်သညာ ကွဲပြားမှုကြောင့် နိမိတ်
အမျိုးမျိုး ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မှန်ပေသည် ....ဤအာနာပါနနိမိတ်သည်
ဘာဝနာသညာလျှင် အကြောင်းရင်းခံရှိ၏။ ဘာဝနာသညာလျှင် အမွန်အစ ရှိ၏။
ထို့ကြောင့် ဘာဝနာသညာကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်းဖြစ်၏။
၁၁။ ဘာဝနာသညာဟူသည် အာနာပါနကို ရှုနေသောရင့်ကျက်လာသော စိတ်ငြိမ်
ဝပ်မှု ဝင်လေထွက်လေ အာရုံ၌ ငြိမ်ဝပ်စွာ စိတ်ကပ်တည်နေမှုသမာဓိနှင့်ယှဉ်တွဲလျက်
ဖြစ်ပေါ်လာသော အမှတ်သညာတည်း။ ထိုအချိန်အခါမျိုးတွင် အထူးသဖြင့်ပေါ်လာ
သော နိမိတ်ပေါ်၌ ဘာဝနာစိတ်ကို ငြိမ်နေအောင်လှုပ်မရအောင် ကပ်မထားနိုင်သေး
သော အခါမျိူး၌ `ဤသို့သောနိမိတ်.....ဤသို့သောနိမိတ်...´စသည်ဖြင့် အမှတ်
သညာများပြောင်းရွေ့နေပါက ထိုအမှတ်သညာကွဲပြားသလောက် နိမိတ်များလည်း
ကွဲပြားနေတတ်ပါသည်။ နိမိတ်အမျိုးမျိုး ပြောင်းနေပါက ဘာဝနာစိတ်မှာလည်း
ကြာရှည်စွာမရှုပွားနိုင်သည့်အတွက် တဖြည်းဖြည်း သမာဓိ လျှောကျသွားတတ်သည်။
၁၂။ တစ်ဖန်နိမိတ်က ဝေးကွာနေလျှင် ထိုဝေးကွာနေသော အထူးသဖြင့် နှာသီးဖျား
အထက်နှုတ်ခမ်းအရပ်တွင် ကပ်၍တည်မနေသော ဝေးကွာသော နိမိတ်ကို စိတ်စိုက်
၍ စိုက်နေပါကအထက်တွင် တင်ပြထားသော ဝင်လေထွက်လေ ထိမှုထင်ရှားရာ
ဌာနဖြစ်သည့် နှာသီးဖျား/အထက်နှုတ်ခမ်း ဆို့သည့် ထိရာအရပ်ကိုကျော်လွန်သွားသ
ဖြင့် အာနာပါနဘာဝနာသမာဓိမှာလည်း စျာန်အဆင့်သို့တိုင်အောင် မတိုးတက်နိုင် ဖြစ််တတ်သည်။
၁၃။ သို့အတွက် ပကတိသော ဝင်လေထွက်လေမှ ဖြစ်ပေါ်လာသော နိမိတ်ကသာ လျှင် နှာသီးဖျား/အထက်နှုတ်ခမ်း ဆို့သည့် ထိရာအရပ်တွင် ပကတိသော ဝင်လေ
ထွက်လေနှင့် တစ်သားတည်း တစ်ခုတည်းဖြစ်မေသော အာနာပါနနိမိတ်ကသာလျှင်
ထိုနိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ထားနိုင်ပါမှသာလျှင် အာနာပါနဘာဝနာ
သည်ပြီးစီးပြည့်စုံနိုင်ပေသည်။ စျာန်အဆင့်သို့ တက်ရောက်နိုင်ပေသည်။
၁၄။ အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ ၊ ၁၊ ၂၇၈။)
နိမိတ်ထင်လာသောအခါ ထိုယောဂီပုဂ္ဂိုလ်သည် ထိုထင်လာသော နိမိတ်ကို
က။ အရောင်ကိုလည်း အရောင်အနေနှင့်လည်း နှလုံးမသွင်းပါနှင့်။
ခ။ ထိုနိမိတ်၌ ထိုဝင်လေထွက်လေ၌ တည်ရှိသော မာ-ကြမ်း-လေး၊ ပျော့_ချော_ပေါ့
ယိုစီး_ဖွဲ့စည်း၊ ပူ_အေး၊ ထောက်_တွန်း ဆိုသည့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝ
လက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။
ဂ။ ထိုဝင်လေထွက်လေကို သို့မဟုတ် နိမိတ်ကို ဖြစ်-ပျက်= အနိစ္စ/ဒုက္ခ/အနတ္တ
ဟု သာမညလက္ခဏကိုလည်း နှလုံးမသွင်းပါနှင့်။
၁၅။ အာနာပါနနိမိတ်ကို တိုးပွားအောင်လုပ်ခဲ့သော် ဝါဂွမ်းစိုင်စသည့် ပုံသဏ္ဌန်အား
ဖြင့် ထင်လာသော အာနာပါန နိမိတ်ပင်ဖြစ်သော်လည်း ထိုနိမိတ်ဟူသောလေ၏အ
ပေါင်းအစုသာဖြစ်ခြင်းကြောင့် လေအစုအပုံသာတိုးပွားလာ၏။ ဝါယောကသိုဏ်းကို
တိုးပွားအောင် လုပ်သကဲ့သို့ ဤအာနာပါနနိမိတ်အရာ၌ တိုးပွားအောင် လုပ်ခြင်းသည်
အကျိုးမရှိနိုင်ပေ။ တဖန် ဤအာနာပါနကမ္မဋ္ဌာန်းကို ဝင်လေထွက်လေ ထိမှုထင်ရှားရာ
ဌာနဖြစ်သည့် နှာသီးဖျား/အထက်နှုတ်ခမ်းမှာသာ ရှုရမည့်နေရာကိုလည်း အတိအကျသတ်မှတ်ထား၏။ ထို့ကြောင့် နိမိတ်ကို ရှည်အောင်၊ တိုအောင်၊ကြီး
အောင်၊ သေးအောင်၊ လုံးအောင် ၊ပြားအောင် စသည်ဖြင့်မပြုလုပ်ရပါ။
(ဝိသုဒ္ဓိ ၊ ၁၊ ၁၀၉။) (မဟာဋီ၊ ၁၊ ၁၃၁။)
၁၆။ နှာသီးဖျား/အထက်နှုတ်ခမ်း ဟူသည့် ထိမှုထင်ရှားရာနေရာကသာ စောင့်၍
ဝင်လေထွက်လေ ကိုဆက်တိုက်သိအောင်ကြိုးစားခြင်းဖြင့် ဝင်လေထွက်လေနှင့်
နိမိတ်တစ်သားတည်း တစ်ခုတည်း ဖြစ်လာသောအခါ ထိုနှာသီးဖျား/အထက်နှုတ်ခမ်း
အရပ်တွင်သာ တည်ရှိသောနိမိတ်ကိုသာ စိုက်၍ရှုနေပါက၊ ဘာဝနာစိတ်ကို ထိုနိမိတ်၌
ကပ်ထားနိုင်ပါက မည့်သည့်အရောင်ပင်ဖြစ်စေ၊ မည်သည့်ပုံသဏ္ဌန်ပင်ဖြစ်ပါစေ
အရောင်နှင့် ပုံသဏ္ဌန်ကို နှလုံးမသွင်းဘဲ အာနာပါနကြောင့်ဖြစ်ပေါ်လာသော နိမိတ်
ကိုလည်း အာနာပါနဟုပင် သဘောထား၍ ဘာဝနာစိတ်ကို ထိုနိမိတ်၌ကပ်ထားနိုင်ပါ
က မီးခိုးရောင်မှအဖြူရောင်၊ အဖြူရောင်မှ သောက်ရှူးကြယ်ရောင်စသည်ဖြင့်
ဘာဝနာသမာဓိ ရင့်ကျက်သည်နှင့်အမျှ အဆင့်ဆင့် ကူးပြောင်းကာ စျာန်သို့ကူး
မြောက်နိုင်ပေမည်။ နှာသီးဖျား/အထက်နှုတ်ခမ်းနှင့် ဝေးကွာနေသော နိမိတ်အမျိုးမျိုး
တို့ကို လိုက်ရှုနေပါက သမာဓိမှာ တတ်လိုက် ကျလိုက် ဖြစ်ကာ စျာန်သို့မကူးနိုင်၊
စျာန်သမာဓိအဆင့်သို့ မရောက်နိုင်ရှိတတ်သည်။ သတိရှိစေ။
၁၇။ နိမိတ်ကို အလွန့်အလွန်စူးစိုက်ပါက ကလာပ်အမှုန်များကို တွေ့တတ်သည်။
စျာန်သမာဓိသို့ကူးလို့ပါက ကလာပ်အမှုန်များကိုတွေ့သောအခါ စိတ်ကိုလျှော့ချပေး
ပါ။ စိတ်ကိုမလျှှော့မတင်း ထား၍ နိမိတ်ကို စိုက်ရှုနိုင်ပါက စျာန်သမာဓိအဆင့်သို့
တိုင်အောင်ကူးတတ်နိုင်သည်။ နိမိတ်တွင် တည်ရှိသော ကလာပ်မှုန်အကြီးအသေး
တို့ကိုစိုက်ရှုနေပါက ထိုကလာပ်အမှုန်တို့မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသဖြင့်
အာရုံက မငြိမ်သက်သော အာရုံဖြစ်ရကား သမာဓိမှာ အာရုံ၏ မငြိမ်သက်မှုကြောင့်
မစူးမရှရှိတတ်သည်။ သမာဓိ လျှောကျတတ်သည်။ သတိရှိစေ။
ဖားအောက်ဆရာတော်
ဖားအောက်တောရ
မော်လမြိုင်မြို့နယ်
မွန်ပြည်နယ်
အာနာပါနသမာဓိကို အောင်မြင်ပေါက်မြောက််ခြင်း (ပထမပိုင်း)
**************************************************************
သမထပိုင်းရဲ့ အဆင့်လေးဆင့်( ၀င်လေ ထွက်လေ ရှစ်မျိုး)
သမာဓိထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်းလေးဆယ်ရှိတဲ့အနက် ကြိုက်တဲ့ကမ္မဋ္ဌာန်းနှင့် သမာဓိကို ထူထောင်နိုင်ပါ တယ်။ အာနာပါနကမ္မဋ္ဌာန်းကို အတိုချုပ်ပြီး သမာဓိထူထောင်ပုံပြောဖို့ ရည်ရွယ်ထားတယ်၊ ဒီတော့ ဘုရားရှင်က ဒီအာနာပါနကမ္မဋ္ဌာန်းကို ညွှန်ကြားတဲ့အချိန်အခါမှာ
နံပါတ်တစ် ဒီဃ - အရှည်၊
နံပါတ်နှစ် ရဿ - အတို၊
နံပါတ်သုံး သဗ္ဗကာယ- ပဋိသံဝေဒီ - အစအဆုံး အကုန်လုံး၊
နံပါတ်လေး ပဿမ ္ဘယံ - ငြိမ်းအောင် ကျင့်ပါဆိုပြီး အဆင့် ဘယ်နှစ်ဆင့် ချမှတ်ပေးသလဲ၊ လေးဆင့်၊ ဒါ သမာဓိ ပိုင်း၊ ဒီတော့ အဲဒီလေးဆင့်စလုံးမှာ ယောဂါ၀စရပုဂ္ဂိုလ်က ဘယ်လိုအားထုတ်ရမလဲ၊
သော သတောဝ အဿသတိ သတောဝ ပဿသတိ။ (မ-၁-၇၀။)
သတိမြဲဖို့ -
အရှည်မှာလည်း သတိမြဲရမယ်၊ အတိုမှာလည်း သတိမြဲ ရမယ်၊ အစအဆုံး အကုန်လုံးမှာလည်း သတိမြဲနေရမယ်၊ ငြိမ်းအောင်ကျင့် တဲ့နေရာမှာလည်း သတိမြဲရမယ်လို့ ဒီလိုဆိုလိုတယ်၊
ဒီတော့ အရှည်မှာလည်း ၀င်သက် ထွက်သက်က နှစ်မျိုး၊ အတိုကျတော့လည်း ၀င်သက် ထွက်သက်က နှစ်မျိုး၊ အစအဆုံးအကုန်လုံး ထင်ထင်ရှားရှား သိရာမှာလည်း ၀င်သက် ထွက်သက်က နှစ်မျိုး၊ ငြိမ်းအောင်ကျင့်တဲ့အပိုင်းမှာလည်း ၀င်သက် ထွက်သက် နှစ်မျိုးပဲ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးရှိသွားသလဲ၊ - ရှစ်မျိုး၊ ဒါက သမထပိုင်းအတွက် ကွက်ပြီး ပြောတာပါ။
ဒီတော့ အရှည်၊ အတို၊ အစအဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပထမလေ့ကျင့်ရမှာဖြစ်တော့ ယောဂါ၀စရပုဂ္ဂိုလ်က အဲဒီ ၀င်လေ ထွက်လေကို ရှုပွားသုံးသပ်တဲ့အပိုင်းမှာ ---
ထိမှုထင်ရှားရာမှာ စိတ်ထားပြီး လေကိုကြည့်ပါ
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ (၀ိသုဒ္ဓိ-၁-၂၇၁။) လို့ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက ညွှန်ကြားထားတဲ့အတိုင်း ---
၀င်တဲ့လေ ထွက်တဲ့လေ ထိမှုထင်ရှားတဲ့ တစ်နေရာကနေ စောင့်ပြီး တော့ စိတ်ကို ထားဖို့ လိုအပ်ပါတယ်။ ကြည့်ရမှာက ဘာကို ကြည့်ရမှာလဲ၊ ၀င်သက်လေ ထွက်သက်လေကို ကြည့်ရမယ်။ ထိတာကို ကြည့်ရမှာလား၊ ၀င်လေ ထွက်လေကို ကြည့်ရမှာလား၊ ၀င်လေ ထွက်လေကို ကြည့်ရမယ်။ အဲဒီလေသည် အထဲဝင်တော့ အထဲလည်း လိုက်မကြည့်နဲ့၊ အပြင် ထွက် တော့ အပြင်လည်း လိုက်မကြည့်နဲ့၊ ထိတဲ့နေရာက စောင့်ပြီး ဒီလေကလေး ကိုကြည့်ပါ၊ အဲဒီ လေကလေးမှာ စိတ်ကိုငြိမ်အောင် ကပ်ကြည့်၊ ကပ်လို့မှ မရဘူးဆိုရင်တော့ အဋ္ဌကထာများက ရေတွက်တဲ့နည်းကို အသုံးပြုဖို့ ညွှန် ကြားထားပါတယ်။ --
ရေတွက်ခြင်းဂဏနာနည်း
၀င်လေ ထွက်လေ နှစ်ခုပေါင်းကို .. တစ်
၀င်လေ ထွက်လေ .. နှစ်
၀င်လေ ထွက်လေ .. သုံး
၀င်လေ ထွက်လေ ..လေး
၀င်လေ ထွက်လေ .. ငါး
၀င်လေ ထွက်လေ .. ခြောက်
၀င်လေ ထွက်လေ .. ခုနစ်
၀င်လေ ထွက်လေ .. ရှစ်
အဲဒီ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှမထွက်ရဘူးလို့ ဒီလို လေ့ကျင့်ရတယ်၊ လေ့ကျင့်ဖန် များလာပြီဆိုရင်တော့ တဖြည်းဖြည်း ငြိမ်သွား တတ်ပါတယ်။ တစ်ကနေ တစ်ဆယ်ထိလည်း ရေတွက်နိုင်တယ်။ တစ်ကနေ ငါးထိလည်း ရေတွက်နိုင်တယ်။ ငါးအောက် မလျော့စေနဲ့၊ တစ်ဆယ်ထက် လည်း မပိုစေနဲ့ ဒီလို သတ်မှတ်ချက် ရှိပါတယ်။ ရှစ်အထိကတော့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ပူဇော်တဲ့အနေနှင့် ဆိုပြီး ဆရာသမားများက ဒီလို ညွှန်ကြားပေးတဲ့အတွက် ဘုန်းကြီးလည်း ဒီဌာနမှာ ရှစ်အထိပဲ သင်ပေးပါတယ်၊ ဘုရားဂုဏ်တော်ကိုးပါးကို ပူဇော်တဲ့ အနေနဲ့ ကိုးအထိ ရေတွက်လည်းရတယ်၊ ကိုယ်တော်အား ဆယ်ပါး၊ ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်အား ပူဇော်တဲ့အနေတဲ့ တစ်ဆယ်အထိ ရေတွက်လည်း ရပါတယ်၊ ကိုယ်ကြိုက်သလို ယူလို့ရပါတယ်။ အဲဒီတော့ တစ်ကနေ ရှစ်အထိ ရေတွက်ပြီဆိုကြစို့၊ အဲဒီ တစ်ကနေ ရှစ်အထိ စိတ်ကို ဘယ်မှ မထွက်အောင် လေ့ကျင့်ရတယ်၊ လေ့ကျင့်တဲ့အခါ နာရီဝက်လောက် သို့မဟုတ် တစ်နာရီလောက်အထိတော့ ငြိမ်အောင် လေ့ကျင့်ရတယ်၊
အရှည် အတို (အသက်ရှုအနှေး အမြန်)
အောင်မြင်မှုရပြီဆိုရင်တော့ အရှည် အတိုကို ကူးနိုင်တယ်။ အရှည်ဆိုတာက အသက်ရှူနှေးတာ၊ အတိုဆိုတာက အသက်ရှူမြန်တာကို ဆိုလိုတယ်၊ နှေးလည်း နှေးတဲ့အတိုင်းသိ၊ မြန်လည်း မြန်တဲ့အတိုင်းသိ၊ နှေး အောင် မြန်အောင် ရှည်အောင် တိုအောင် သက်သက် မကြိုးစားပါနှင့်၊ အရှည်-အတိုလို့လည်း မမှတ်နှင့်၊ အနှေး-အမြန်လို့လည်း မမှတ်နှင့်၊ မမှတ်ဘဲ မနေနိုင်ရင်တော့ ဘယ်လိုသာမှတ်ရမလဲ၊ .. ၀င်လေ ထွက်လေ.. ဒါလောက်ပဲ မှတ်ပါ။ အဲဒီ လေကလေးအပေါ်မှာ စိတ်ကလေး ငြိမ်အောင်ကပ်ထား၊ ရှည်လည်း ရှည်တဲ့အတိုင်းသိ၊ တိုလည်း တိုတဲ့အတိုင်းသိ၊
ဣရိယာပုထ်အနေအထား
အဲဒီလို ရှုရတဲ့အပိုင်းမှာ အာနာပါနရဲ့ စည်းကမ်းတစ်ခုကတော့ ေ့ရှ နောက် ၀ဲ ယာ ခန္ဓာကိုယ်ကို နည်းနည်းလေးမှ မလှုပ်အောင် ထိန်းရမယ်ဆိုတဲ့အချက်ပဲ၊ ဣရိယာပုထ် မပြင်ကောင်းဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပေမဲ့ မခံနိုင်ရင်တော့ ပြင်ပါ၊ ဆင်းရဲ နေတဲ့ ဝေဒနာကို အောင့်အီးသည်းခံရမယ်လို့တော့ မဆိုလိုဘူး၊ ငြိမ်သက်မှု သမာဓိကို မရဘူးဆိုရင်တော့ ဣရိယာပုထ် ပြင်နိုင်တယ်။ ဒါပေမဲ့လို့ မိမိက နာရီဝက်အဓိဋ္ဌာန်ပြီးတော့ ငြိမ်အောင်ရှုရမယ်လို့ အဓိဋ္ဌာန်ပြီးထိုင်ခဲ့ရင် နာရီဝက်တော့ မလှုပ်ရှားဘဲ ထိုင်နိုင်ရင် ပိုကောင်းတယ်၊ တစ်နာရီအဓိဋ္ဌာန်ရင်လည်း တစ်နာရီထိုင်နိုင်ရင်တော့ ပိုကောင်းတယ်၊ အဲဒီတော့ ဒီအရှည် အတိုပေါ်မှာ စိတ်ကလေးငြိမ်အောင် ကပ်ထားလိုက်တဲ့အချိန် အခါမှာ ဒီအပိုင်းမှာ ထိုင်တိုင်း ထိုင်တိုင်း ၀င်လေ ထွက်လေ၊ အရှည် အတို အာရုံမှာ ဘာဝနာစိတ်က တစ်နာရီလောက် အနည်းဆုံး ကပ်အောင်တော့ လေ့ကျင့်ရပါတယ်၊ ထိုင်တိုင်း ထိုင်တိုင်း ကပ်ပြီဆိုရင်တော့ လေး၊ ငါး၊ ခြောက် ထိုင်အတွင်းမှာ၊ အချို့ ပါရမီရင့်ညောင်းရင်လည်း တစ်ထိုင် နှစ်ထိုင် အတွင်းလောက်မှာ နိမိတ် စပေါ်တတ်ပါတယ်။ ဆယ်ကြိမ်၊ တစ်ဆယ့်ငါးကြိမ်လောက်၊ နှစ်ရက်၊ သုံးရက်လောက် ဒီ အရှည်အတိုမှာ ရှုနေလို့မှ နိမိတ်က မပေါ်ရင်တော့ အစအဆုံးကျင့်စဉ်ကို ကူးကြည့်ပါ။
အစ အဆုံး အကုန်းလုံးတောက်လျှောက်သိပါ
၀င်လေ-ထွက်လေက ရှည်ရင်လည်း ထိုလေရဲ့ အစ အဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့၊ ၀င်လေ-ထွက်လေက တိုရင်လည်း ထို လေရဲ့ အစအဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့ ကြိုးစားပါ။ အထဲ လည်း လိုက်မကြည့်ရဘူး၊ အပြင်လည်း လိုက်မကြည့်ရဘူး၊ ထိတဲ့နေရာက လေးမှာ စပြီး ထိတဲ့နေရာမှာ ဆုံးသွားတဲ့အထိ ထိတဲ့နေရာကလေးက စောင့် နေပြီး အစ အဆုံး တောက်လျှောက်သိအောင် ရှုရပါတယ်။ အဲဒီလို အစ အဆုံးကို တောက်လျှောက်သိအောင်ရှုတော့ - သဗ္ဗကာယ ပဋိသံဝေဒီ - လို့ ခေါ်ပါတယ်၊ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုတာပဲ။
အဲဒီအပိုင်းမှာလည်း ဒါက အစ၊ ဒါက အလယ်၊ ဒါက အဆုံး - ဒီလို မမှတ်နဲ့၊ မှတ်ရင်တော့ ဉာဏ်က မလိုက်နိုင်တော့ မောလာတတ်တယ်၊ မမှတ်ဘဲ မနေနိုင်ရင် ဘယ်လိုသာမှတ်မလဲ၊ ၀င်လေ ထွက်လေ ဒီလောက်ပဲမှတ်ပါ၊ ၀င်သက်လေ ထွက်သက်လေလို့ မှတ်ချင်လည်း မှတ်ရတယ်၊ အဲဒီတော့ ဒီ လေအာရုံပေါ်မှာ စိတ်က ကပ်နေဖို့လိုတယ်၊ မမှတ်ဘဲ မနေတတ်သူကိုသာ မှတ်ခိုင်းတာပါ၊ မမှတ်ဘဲ နေနိုင်ခဲ့ရင်တော့ မမှတ်နဲ့၊ လေပေါ်မှာ စိတ်က တောက်လျှောက် သိနေဖို့ လိုရင်းပဲ။
အလင်းရောင်နဲ့ နိမိတ်
အဲဒီလေကလေးမှာ တောက်လျှောက် သိနေတော့ လေကလေးမှာ ဘာဝနာစိတ်က ငြိမ်သက်စွာ ကပ်ပြီးတည်လာပြီ ဆိုရင်တော့ အရှည်အတိုအပိုင်းမှာပဲဖြစ်ဖြစ်၊ အခု အစအဆုံးအပိုင်းမှာပဲ ဖြစ်ဖြစ် များသောအားဖြင့် အလင်းရောင်တွေ စပြီးပေါ်တတ်ပါတယ်၊ အဲဒီ အလင်းရောင်တွေကိုတော့ သွားပြီးမကြည့်ရဘူး။ အလင်းရောင်နှင့် နိမိတ်သည် တခြားစီဖြစ်တယ်၊ နိမိတ်ဆိုတာကတော့ အဲဒီ အာနာပါန လေကြောင်းလေးပဲ၊ များသောအားဖြင့် လေကြောင်းလို့ ပြောတာကတော့ အချောင်းစပေါ်တတ်လို့သာ ပြောတာပါ၊
ဘာဝနာသညာနှင့် နိမိတ်ပေါ်စအခြေအနေများ
ယောဂီပုဂ္ဂိုလ်တို့ရဲ့ နိမိတ်မပေါ်မီမှာ ဖြစ်ပေါ်နေတဲ့ အမှတ်သညာကို ဘာဝနာသညာလို့ ခေါ်တယ်။ ထိုဘာဝနာသညာကွဲပြားမှုကို အခြေခံပြီးတော့ နိမိတ်တွေက ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်၊ ဒါကြောင့် ဒီအပိုင်းမှာ ယောဂီတို့ကို စိတ် မကစားဖို့ကိုတော့ သတိပေးထားရပါတယ်၊ လေပေါ်မှာ စိတ်ငြိမ်အောင်ကပ် ပါလို့သာ ဒီလောက်ပဲ သတိပေးရတယ်။ အဲဒီလို သတိပေးလိုက်တဲ့ အချိန် အခါမှာ လင်းရောင်ခြည်တွေက သိပ်အားကောင်းလာတော့ မျက်လုံးက ဒီလင်းရောင်ခြည်ရဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက် မျက်ရည်တွေ ကျတတ်ပါတယ်၊ အောင့်အီးသည်းခံပြီးတော့ မျက်လုံးဘက်ကို အာရုံ မရောက်စေဘဲ လေပေါ်မှာသာ စိတ်ကလေးက ငြိမ်အောင်ကပ်နေပါ။ အဲဒီလို လေပေါ်မှာ စိတ်ကလေးက ငြိမ်အောင် ကပ်ထားလိုက်ပြီဆိုလို့ရှိရင် တဖြည်းဖြည်း ဒီလင်း ရောင်ခြည်စွမ်းအင် အကူအညီနှင့် ဒီလေကြောင်းကလေးကို စတွေ့တတ်ပါတယ်၊ အများအားဖြင့်တော့ မီးခိုးရောင်ကို စတွေ့တတ်ပါတယ်။ အဲဒီကနေ သမာဓိက ငြိမ်သထက် ငြိမ်လာပြီဆိုလို့ရှိရင် ၀ါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူကို တွေ့တတ်ပါတယ်။ အဲဒီဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူ ကလည်း အချို့လည်း အချောင်း၊ အချို့ကလည်း အဝိုင်း - စသည်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး ရှိတတ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++
ဖားအောက်တောရဆရာတော် ဘဒ္ဒန္တ ္တအာစိဏ္ဏဟောကြားတော်မူသော
“ အာနာပါနကျင့်စဉ် အလုပ်ပေးတရားတော် Mp3“
File size (85.08 MB).
တကယ်တန်းဖိုးရှိတဲ့ အလုပ်ပေးတရားဖြစ်လို့
Download ရယူစေချင်ပါသည်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။