နာရီတစ်လုံးရဲ့ သက်တမ်းဟာ နှစ်တော်တော်များများ အထိ ကြာရှည်မခံလှပါဘူး။ သို့သော်လည်း ချက်သမ္မတနိုင်ငံမှာရှိတဲ့ နာရီကြီးဟာဆိုရင် နှစ်ပေါင်း ၆၀၀ ကျော်ကြာသည့်တိုင် မပျက်စီးပဲ လည်ပတ်နေဆဲ ဖြစ်ပါတယ်။ ချက်သမ္မတနိုင်ငံရဲ့ မြို့တော် Prague မှာရှိတဲ့ နက္ခတ်ဗေဒနာရီကြီးဟာ အလယ်ခေတ် ၁၄၁၀ ခုနှစ်တည်းက တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနာရီကြီးဟာ ကမ္ဘာ့ရှေးအကျဆုံး နက္ခတ်ဗေဒနာရီစာရင်းမှာ တတိယနေရာကို စာရင်း ဝင်ထားတာလည်း ဖြစ်ပါတယ်။ 

ဒီနာရီကြီးကို ဖန်တီးပြုလုပ်ခဲ့သူတွေကတော့ နာရီပညာရှင် Mikuláš of Kadaň နဲ့ သင်္ချာနဲ့နက္ခတ်ဗေဒ ပါမောက္ခ Jan Sindel တို့ဖြစ်ပါတယ်။ ၁၅၅၂ခုနှစ်ရောက်မှသာ Jan Taborský ဆိုသူ နာရီပညာရှင်က ပထမလူရဲ့အမှားကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး နာရီကြီးကို ပြန်လည်လည်ပတ်စေနိုင်ခဲ့ပါတယ်။ ၁၆၂၉ခုနှစ် နဲ့ ၁၆၅၉ခုနှစ်အတွင်းမှာ သစ်သားရုပ်တွေကို ထပ်မံဖြည့်သွင်းခဲ့ပါတယ်။ အကြီးစားပြင်ဆင်မှုတွေကိုတော့ ၁၇၈၇ နဲ့ ၁၈၆၅ ခုနှစ်တွေမှာ ထပ်မံပြုလုပ်ခဲ့ပြီး ရွှေရောင်ရုပ်တုတွေထည့်သွင်းခဲ့တာပဲဖြစ်ပါတယ်။

၁၉၄၅ခုနှစ် မေလ ၇ ရက်နေ့မှာ နာရီကြီး ပျက်စီးမလိုဖြစ်ခဲ့ပါတယ်။ မြို့ကိုသိမ်းခဲ့တဲ့ ဂျာမဏီနာဇီတပ်တွေဟာ တင့်ကားတွေနဲ့ တစ်မြို့လုံးကိုဖျက်စီးခဲ့တယ်။ မြို့လယ်အဆောက်အအုံတချို့ကိုဖျက်စီးခံခဲ့ရလို့ နာရီကြီးနဲ့ ပြက္ခဒိန်ပေါ်က ရုပ်တုတွေမီးလောင်ခဲ့ရပေမယ့် တစ်ခုလုံးတော့ ပျက်စီးမသွားခဲ့ပါဘူး။ Orloj နာရီကြီးရဲ့ အနှစ် ၆၀၀ပြည့် မွေးနေ့ကို အောက်တိုဘာ ၉ရက် ၊ ၂၀၁၀မှာ ပြုလုပ်ခဲ့ပြီး ၊ အနှစ် ၆၀၅နှစ်မြောက်မွေးနေ့ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် အောက်တိုဘာ ၉ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။  

Source : Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။