အရောင်တွေက သင့်အတွက် ကင်းကွာလို့မရတဲ့အထဲမှာပါပါတယ်။မှန်ကန်တဲ့အရောင်တွေကိုရွေးချယ်တတ်ဖို့ပဲလိုတာပါ။လက်သည်းတွေကလည်း သင့်အလှကို ထောက်ပံ့ပေးနိုင်မယ့်သော့ချက်တစ်ခုဆိုတာ သင်သတိထားမိရဲ့လား။

ဆယ်ကျော်သက်အရွယ်

ဘဝရဲ့ အတက်ကြွဆုံးအရွယ်မှာဘာလုပ်လုပ် ဘာဖြစ်ဖြစ် စည်းမျဉ်းစည်ကမ်းသတ်မှတ်ချက်တွေကို အလေးပေးနေမှာမဟုတ်ပါဘူး ။ You’re Unique ပါပဲ။အရောင်တွေနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တွေကိုလည်း သင်ဂရုစိုက်နေမှာမဟုတ်ဘူးလေ ။ရိုးရိုးရှင်းရှင်း တက်ကြွတဲ့အရောင်တွေက သင့်ကို ပိုပြီး လူငယ်ဆန်ဆန် လှပစေမှာပါ။ပန်းဆီရောင်၊နီယွန်ရောင်၊လိမ္မော်ရောင်လို တောက်တောက်ပပ အရောင်တွေကို မျက်စိမှိတ်ပြီးတော့သာ ရွေးချယ်လိုက်ပါ။သေချာပါတယ် ဒါတွေကသင်ကိုအရွေးမှားစေမှာမဟုတ်ပါဘူး။

အသက်၂ဝနှင့်အထက်

မြီးကောင်ပေါက်ဆယ်ကျော်သက် မဟုတ်တော့ပဲ လုပ်ငန်းခွင်ထဲ စတင်ခြေချရတော့မယ့် အရွယ်ပေါ့။လူငယ်ဆိုတဲ့ ငယ်ဂုဏ်လေးကလည်းရှိ၊လုပ်ငန်းထဲမှာ စတင်ရတော့မယ့် အရွယ်လည်း ဖြစ်နေတဲ့အတွက် ချစ်စရာကောင်းမယ့်အရောင်တွေက အသင့်တော်ဆုံးပါပဲ။အနီရောင်၊ပန်းဖျော့ရောင်၊အစိမ်းရောင်နဲ့ ကောင်းကင်ပြာရောင်မျိုးကို ဆိုးလိုက်မယ်ဆိုရင် တကယ်ကို ချစ်စရာကောင်းတဲ့ လက်သည်းလေးတွေနဲ့ ကောင်မလေးတစ်ယောက်လို ခံစားရစေမှာသေချာပါတယ်။

အသက် ၃ဝနှင့်အထက်

အသက်၃ဝအရွယ် မိန်းမတစ်ယောက်ဟာ အရည်အချင်းပြည့်ဝလာပြီး အပြုအမူတွေကလည်း ဆယ်ကျော်သက်လေးတစ်ယောက်ထက် ပိုတည်ငြိမ်ရင့်ကျက်လာပါပြီ။မိန်းမငယ်လေးကနေ အမျိုးသမီးတစ်ဦးအဖြစ် ကူးပြောင်းလာတဲ့ ဒီအသက်အရွယ်ဟာ စူးရှတဲ့အလှတရားအစား တည်ငြိမ်တဲ့ အလှတရားကိုပဲလှစ်ဟပြဖို့ အကောင်းဆုံးအချိန်တစ်ခုပေါ့။တည်ငြိမ်သူတစ်ယောက်ဖြစ်လာလို့ တော့ အရောင်တွေကို စွန့်လွှတ်စရာမလိုသေးပါဘူး။အရောင်လင်းလင်းထဲကို နွားနို့ဖောက်ထားတဲ့အရောင်တွေဟာ အကောင်းမွန်ဆုံးပါပဲ။အသားရောင်၊ခရမ်းဖျော့ရောင်၊ပန်းဖျော့ရောင်၊အပြာနုရောင်နဲ့အစိမ်းဖျော့နုရောင်လေးတွေကို ရွေးဖို့အကြံပေးပါရစေ။ဒီထက်ပိုပြီး တောက်ပချင်သေးတယ်ဆိုရင်တော့ ကြက်သွေးနီရောင်နဲ့ ချယ်ရီသီးရောင်တို့ကိုသာ ရွေးချယ်လိုက်ပါ။

အသက် ၄ဝနှင့်အထက်

အရည်အချင်းလည်း ပြည့်ဝနေပြီး နေရာတစ်ခုမှာအောင်မြင်မှုလည်း ရနေပြီး ဖြစ်တဲ့အရွယ်ပါ။လောကကြီးအကြောင်းသိနေတဲ့အရွယ်ဖြစ်သလို မိခင်ဆိုတဲ့ နေရာကို ရောက်နေနိုင်ပြီး အတွေ့အကြုံတွေအရ ထက်မြတ်တဲ့မိန်းမတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် အရောင်တွေနဲ့လုံးဝမသက်ဆိုင်တော့ပါဘူးလို့တော့ ကြေညာစရာမလိုသေးပါဘူး။သင်ဟာ အတွေ့အကြုံလည်းရှိ၊အရည်အချင်းပြည့်ဝပြီး အစစအရာရာကို နားလည်နိုင်တဲ့အကြောင်း ပြသနိုင်မယ့်အရောင်ကောင်းတွေကို ရွေးချယ်ရမှာပါ။မီးခိုးရောင်၊ကော်ဖီရောင်၊နီညိုရောင်၊နေဗီပြာရောင်နဲ့အညိုဖျော့ရောင်တို့လိုမျိုးတွေကသင့်အတွက်ပြီးပြည့်စုံသွားစေမှာပါ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။