ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ဦးအနက် ၂၁ ဦးကို ပြန်လည်ဖမ်းဆီးရမိပြီး အထူးအမှုစစ်အဖွဲ့တွေနဲ့ အမှုသုံးမှုခွဲကာ စစ်ဆေးအရေးယူမယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ စက်တင်ဘာ ၁၆ ရက်မနက်က ဘားအံအကျဉ်းထောင်ကနေ လွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ဦးနဲ့ ထောင်ဘူးဝမှာ ဖမ်းဆီးရမိတဲ့ စောညို(ခ)သိန်းညို အပါဝင် ထောင်ကနေ ထွက်ပြေးခဲ့တဲ့ အကျဉ်းသားစုစုပေါင်း ၄၂ ဦးဖြစ်တယ်လို့ သိရပါတယ်။ 

လွတ်မြောက်သွားခဲ့တဲ့ အကျဉ်းသား ၄၁ ဦးကို ဖမ်းဆီးရမိရေး ပိတ်ဆို့ဆောင်ရွက်ခဲ့ရာ မနေ့ကစက်တင်ဘာ ၁၇ ရက် ည ၉ နာရီအချိန်ထိ စုစုပေါင်း အကျဉ်းသား (၂၁) ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ ထွက်ပြေးရာမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် ကျော်မိန်လ(ခ)အရှောင်(ခ)ကျော်ဖကုလား (ခ) မိန်လ အသက် ၃၃နှစ်ဟာ ယာဉ်မောင်း ဒုတပ်ကြပ် ကျော်ဝင်းစိန်ကို ကားပေါ်က ဆွဲချထိုးကြိတ်ကာ ယာဉ်ကို လုယူမောင်းနှင်ပြီး ထောင်အတွင်းရှိ ထောင်တံခါးလေးဆင့်အား တိုက်ဖွင့်ကာ ထွက်ပြေးသွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ လှိုင်းဘွဲ-ဘားအံကားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးစဉ် လှိုင်းဘွဲမြို့နယ် ထီလုံနဲ့ တပုထိုလမ်းဆုံအနီး ဗွက်နစ်သွားလို့ကားကို ထားပြီး ထွက်ပြေးသွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းကထုတ်ပြန်ထားတာတွေ့ရပါတယ်။ 

ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေဖမ်းဆီးရာမှာ ကျော်မိန်လ က အသာတကြည်အဖမ်းမခံဘဲ ပြန်လည်ခုခံထွက်ပြေးသွားလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ပခုံးမှာ ကျည်ထိမှန် ဒဏ်ရာရကာ ဘားအံ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီးမှာ သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၄၂ ဦးကို ဘားအံမြို့နယ်ရဲတပ်ဖွဲ့က စက်မှုဇုန်နယ်မြေရဲ စခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၂၄/၁၁၄၊ ပုဒ်မ ၃၃၃(ပ) ၄၁/၂၀၁၈ တို့အပြင် ၁၉၆၁ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ပါ အမှုဖွင့်အရေးယူထားပြီး စက်တင်ဘာ ၁၈ ရက်က စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။