တရုတ်အမျိုးသားတစ်ဦးဟာ တိရစ္ဆာန်​ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကနေ Golden Retrieverအမျိုးအစားခွေးတစ်ကောင်ကို မွေးစားခဲ့ပါတယ်။ မိသားစုဝင်အကုန်လုံးက ခွေးလေးကို ၀ိုင်းချစ်ကြတာမို့ အားလုံးပျော်ပျော်ရွှင်ရွှင်ရှိခဲ့တာအမှန်ပါပဲ။ ဒါပေမယ့် ညရောက်တဲ့အခါကြရင် ခွေးလေးရဲ့အပြုအမူဟာ ထူးဆန်းလာပါတော့တယ်။

အဲဒါကတော့ သူ့ကိုမွေးစားလာတဲ့ သူ့သခင်ကို အိပ်ခန်းအပေါက်ဝအကာနားကနေ မတ်တပ်ရပ်ပြီး ညဘက်ဆို စိုက်ကြည့်နေတာပဲဖြစ်ပါတယ်။ အဆိုပါအမျိုးသားနဲ့ မိသားစုဝင်တွေဟာ ခွေးလေးအိမ်အသစ်၊ နေရာအသစ်ရောက်တာမို့ ဒီလိုဖြစ်နေတာဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် အချိန်ကြာလာတဲ့အခါ ခွေးပိုင်ရှင်ဖြစ်သူဟာ တဖြည်းဖြည်းနဲ့ သံသယကြီးလာပြီး ခွေးလေးရဲ့အပြုအမူဟာ ကျောချမ်းစရာကောင်းလာပါတော့တယ်။ 

ဒါကြောင့် အဆိုပါတရုတ်အမျိုးသားဟာ ခွေးလေးကိုခေါ်ယူလာတဲ့ တိရစ္ဆာန်​ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းဆီကိုသွားပြီး ခွေးလေးရဲ့နောက်ကြောင်းကို စုံစမ်းခဲ့တဲ့အခါမှာတော့ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။ 

ခွေးလေးရဲ့အရင်ပိုင်ရှင်ဖြစ်သူဟာ ဇနီးဖြစ်သူရဲ့ကိုယ်ဝန်နဲ့ ပိုက်ဆံမတတ်နိုင်တာကြောင့် ခွေးလေးကို လသားအရွယ်မှာ သူအိပ်ပျော်နေတဲ့အချိန် တိတ်တိတ်လေး တိရစ္ဆာန်​ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ လာရောက်စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုကြားပြီးတဲ့နောက် ခွေးလေးကိုမွေးစားခဲ့တဲ့ တရုတ်အမျိုးသားဟာ သူ့အိမ်ကိုပြန်၊ အိပ်ခန်းအကာကိုဖျက်ပြီး ခွေးလေးရဲ့အိပ်ရာကို သူ့အိပ်ရာဘေးပြောင်းပေးလိုက်ပါတယ်။ ညတိုင်းခွေးလေးဟာ သူ့သခင်သူ့ကိုစွန့်ပစ်သွားမလားဆိုပြီး ထကြည့်စရာမလိုအောင်ပါ။

ဒီအကြောင်းကို အဆိုပါတရုတ်အမျိုးသားဟာ လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေပေါ်တင်ခဲ့တဲ့အခါမှာ ခွေးလေးဘက်က ကရုဏာသက်ခဲ့သူအများအပြားရှိခဲ့ပြီး အရင်ခွေးပိုင်ရှင်ဖြစ်သူအပေါ် ဒေါသထွက်ခဲ့ကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတစ်ယောက်ကတော့ " သူနိုးလာပြီး လှောင်အိမ်ထဲကိုရောက်နေတဲ့အဖြစ်၊ သူချစ်တဲ့သူတွေအနားမှာမရှိတော့တဲ့ အဖြစ်ကို စဉ်းစားမိတဲ့အခါ သူ့ရဲ့ခံစားချက်ကဘယ်လိုဖြစ်နေမလဲ " လို့ ရေးသားခဲ့ပါတယ်။

Source : worldofbuzz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။