ဆေးရုံ တက်နေတုန်း ရည်းစား ၁၇ ယောက်ထားတာ ပေါ်သွားတဲ့ အမျိုးသား

တရုတ် နိုင်ငံသား အမျိုးသားတစ်ယောက်ဟာ တစ်ပြိုင်တည်း ရည်းစား ၁၇ ယောက်ထားခဲ့ပြီး ကားတိုက်မှု ဖြစ်ရာကတဆင့် ဆေးရုံတက်နေတုန်းမှာ ပေါ်ပေါက်သွားခဲ့ပါတယ်။ ကားမတော်တဆမှုဖြစ်လို့ ဆေးရုံတက်နေတဲ့သူ့ကို လူနာသတင်း လာမေးတဲ့ ရည်းစားတွေ ဆေးရုံမှာ လာဆုံကြရာတဆင့် သူ့မှာ ရည်းစား ၁၇ ယောက်အထိရှိနေကြောင်း သိသွားခဲ့ကြတာဖြစ်ပါတယ်။

ရည်းစား ၁၇ ယောက်ထဲက အမျိုးသမီးတစ်ဦးနဲ့ဆိုရင် ကလေးတစ်ယောက်ပါ ရနေခဲ့ကြောင်း ပြည်တွင်းမီဒီယာ တွေက ရေးသားဖော်ပြကြပါတယ်။ ဟူနန်ပြည်နယ် ချန်ရှားမြို့မှာ နေထိုင်တဲ့ ယူအန်ဆိုသူ အမျိုးသားက အခုလို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မစ္စတာယူအန်ရဲ့ မြောက်မြားလှစွာသော ရည်းစားတွေထဲက တစ်ချို့ဆိုရင် ချစ်ကြိုက်လာတာ ဆယ်နှစ်လောက် ရှိနေပြီဖြစ်ပြီး မင်္ဂလာဆောင်ဖို့အထိ အစီအစဉ်ဆွဲထားသူ အမျိုးသမီးတွေလည်း ပါဝင်နေခဲ့ပါတယ်။ ‘‘ သူကားမတော်တဆမှု ဖြစ်တယ်ကြားလို့ ကျွန်မအရမ်း စိတ်ပူခဲ့ရ တာပါ။ ဒါပေမယ့် ဆေးရုံမှာ လှလှပပ ကောင်မလေးတွေကို သူ့ဘေးနား တွေ့လိုက်ရတယ်လေ။ ကျွန်မ ဒီထက်ပိုပြီး ဝမ်းမနည်းချင်တော့ဘူး’’ လို့ ယူအန်နဲ့ ချစ်တကြိုက်တာ ၁၈ လလောက်ရှိနေပြီဖြစ်တဲ့ ရှောင်လီဆိုသူ အမျိုးသမီးက ပြောပါတယ်။

ဒီအမျိုးသားဟာ အခုလို အမျိုးသမီးမြောက်မြားစွာနဲ့ တွဲခုပ်ခဲ့ရုံသာမက သူ့ရည်းစားတွေဆီက ငွေအချို့ကိုလည်း လိမ်လည်ပြီး ယူဆောင်ခဲ့တယ်လို့ China Daily သတင်းစာက ဖော်ပြထားပါတယ်။ ဒါတင်မကပဲ တောင်ပိုင်းဗဟိုတက္ကသိုလ်မှာ အင်ဂျင်နီယာဘွဲ့ရထားတယ်လို့ လူအများကို သူကပြောထား ပေမယ့်လည်း တကယ်တမ်းမှာ အလယ်တန်းအထိပဲ ကျောင်းတက်ဖူးတဲ့သူ ဖြစ်နေပါတယ်။

China Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။