ချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများစွာ ရှိသော်လည်း အများစုကတော့ ရာသီအကူးအပြောင်းမှာ ဖြစ်ကြပါတယ်။ ချောင်းဆိုးတဲ့အခါ လူမှုပတ်ဝန်းကျင်ကိုပါ အနှောင့်အယှက် ဖြစ်စေသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ညဘက် အိပ်စက်ခြင်းကိုပါ အနှောင့်အယှက်ဖြစ်စေပြီး မောပန်းနွမ်းနယ်ခြင်းနဲ့ ရင်ဘတ်အောင့်ခြင်း ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန် ချောင်းဆိုးခြင်းကတော့ အချိန်တစ်ခု ကြာလာတဲ့အခါ ပျောက်သွားနိုင်ပေမယ့် ရောဂါကြောင့် ချောင်းဆိုးခြင်းကိုတော့ ဘာရောဂါလည်း ဆိုတာ ထပ်မံ စမ်းစစ်ဖို့ လိုပါတယ်။ ဘာကြောင့် ချောင်းဆိုးခြင်းကို ဖြစ်စေတာလဲ ???

အထူးသဖြင့် လည်ချောင်း မှာ ဖုန်တွေ ဝင်တဲ့အခါ၊ ဆေးလိပ်သောက်တဲ့အခါ၊ ဆေးလိပ် မီးခိုးငွေ့တွေ ရှုရှိုက်မိတဲ့အခါ နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ခံစားရတဲ့အခါမှာ ချောင်းဆိုးခြင်းဝေဒနာကို ခံစားရပါတယ်။ အစာအိမ်ရေ ပြန်ပြီး ဆန်တက်တဲ့အခါမျိုးမှာလည်း ချောင်းဆိုးခြင်းကို ခံစားရနိုင်ပါတယ်။ တစ်ချို့သော ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။ နှာစေးတဲ့အခါ နဲ့ ရာသီတုပ်ကွေးဖြစ်တဲ့အခါမှာလည်း ချောင်းဆိုး ကျန်ခဲ့နိုင်ပါတယ်။ တီဘီရောဂါဖြစ်ရင်လည်း ချောင်းဆိုးနိုင်ပါတယ်။

ဒါ့ကြောင့် ချောင်းဆိုးတဲ့အခါ ဘာကြောင့် ချောင်းဆိုးလဲဆိုတာကို သလိပ်ဖြစ်ဖြစ်၊ ဓါတ်မှန်ရိုက်ခြင်းဖြစ်ဖြစ် စစ်ဆေးသင့်ပါတယ်။ တစ်ချို့သော သူတွေက ညဘက်မှာသာ ချောင်းဆိုးလေ့ ရှိတဲ့အခါ ခေါင်းအုံး ထူထူအိပ်ခြင်း၊ ခေါင်းကို အနည်းငယ်မြင့်၍ အိပ်စက်ခြင်းတို့နဲ့ သက်သာစေနိုင်ပါတယ်။ ဆားရေနဲ့ ရေနွေးနဲ့ ပလုတ်ကျင်းခြင်းဖြင့်လည်း ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

ပုံမှန်ချောင်းဆိုးခြင်း မဟုတ်ဘဲ တစ်ပတ်ထက် ပိုပြီး ချောင်းဆိုးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့ အကြံပေးပါရစေ။ အားလုံးပဲ သာယာပျော်ရွှင်သော နေ့ရက်လေး ဖြစ်ပါစေ။

သတင်းအရင်းအမြစ် - ဒေါက်တာ မင်းထင်အောင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။