တရုတ်နိုင်ငံမှာ နေထိုင်တဲ့ Bouyei (ဘောင်ယိုင်/ဘော်ယိုင်/ဘော်ယီ)လူမျိုးတွေဟာ အောက်တိုဘာလ (၅)ရက်နေ့မှာ ချစ်သူများနေ့ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ ဘောင်ယိုင်လူမျိုးစုဟာ တရုတ်နိုင်ငံမှာ လူဦးရေ (၂.၅)သန်းအထိ ရှိပြီး၊ တရုတ်နိုင်ငံ တိုင်းရင်းသားမျိုးနွယ် (၅၆)စုမှာ (၁၁)စုမြောက် လူဦးရေအများဆုံး တိုင်းရင်းသားတွေဖြစ်ပါတယ်။တရုတ်နိုင်ငံမှာတော့ ကမ္ဘာက လက်ခံထားတဲ့ ဖေဖော်ဝါရီ(၁၄) ချစ်သူများနေ့ကို တရားဝင်ချစ်သူများနေ့အဖြစ် သတ်မှတ်ပြီး ပျော်ရွှင်ကြတာရှိသလို၊ နယ်ပယ်ဒေသ၊ လူမျိုးစုတွေအသီးသီးက သီးခြားသတ်မှတ်ထားတဲ့ ချစ်သူများနေ့တွေလည်း ရှိနေတဲ့အတွက် အခု အောက်တိုဘာ (၅)ရက်ဟာ ဘောင်ယိုင်လူမျိုးတွေအတွက် ချစ်သူများနေ့ ဖြစ်ပါတယ်။

အဲဒီ နေ့ထူးနေ့မြတ်မှာ ဘောင်ယိုင်လူမျိုးတွေရဲ့ အလွန်ပျော်စရာကောင်းတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ချစ်သူကျောပိုး အပြေးပြိုင်ပွဲတော်ဟာ လူစိတ်ဝင်စားမှု အမြင့်ဆုံးပွဲတော်တစ်ခုဖြစ်ပြီး၊ ရယ်စရာမောစရာတွေနဲ့အတူ ချစ်သူနှစ်ဦးရဲ့ အချစ်တွေကို တိုးမြင့်ခိုင်မြဲစေမယ့် ပွဲတော်ဖြစ်ပါတယ်။ခြေသလုံးတစ်ဝက်လောက်အထိ နစ်ဝင်နေတဲ့ ရွှံ့ထူထူလယ်ကွယ်ပြင်ထဲမှာ ချစ်သူကို ကျောပိုးပြီး သတ်မှတ်ထားတဲ့ ပန်းတိုင်ဆီကို သူ့ထက်ငါ ရောက်အောင်ပြေးကြရတာပါ။ ရွှံထဲမှာ ပြေးရတဲ့ပြိုင်ပွဲမို့ ထင်ထားသလောက်တော့ မလွယ်ပါဘူး။ ဒါ့အပြင် ချစ်သူကို ကျောက ပိုထားရသေးတဲ့အတွက်ရယ်၊ ခြေထောက်ဟန်ချက်ပျက်ပြီး မလဲကျဖို့ကလည်း အရေးကြီးပါတယ်။

တစ်ချို့စုံတွဲတွေကတော့ အနိုင်ရလိုဇော အားကြီးပြီး ပြေးရင်းနဲ့ မှောက်လျှက်လဲကျတာမျိုး ရှိသလို၊ ဒီလိုမြင်ကွင်းမျိုးက ကြည့်ရှုသူပရိသတ်တွေအတွက်တော့ အလွန်ရယ်စရာကောင်းတဲ့ မြင်ကွင်းမျိုးပါ။ တစ်ချို့ကတော့ အမျိုးသားထက် ခန္ဓာကိုယ်ပိုကြီး ပိုလေးတဲ့ ချစ်သူအမျိုးသမီးကို မနိုင့်တနိုင် ကျောပိုးပြီး ပြိုင်ပွဲဝင်တာမို့ ဒါကလည်း ရယ်စရာမြင်ကွင်းမျိုးကို ပေးစွမ်းပါတယ်။ သင့်မှာကော ဒီလို ပြိုင်ပွဲအတူတူ ဝင်လို့ရမယ့် ချစ်သူမျိုး ရှိနေပြီလား …???

source- CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။