ပြည်တွင်း မကြာခဏဖြစ်ပွားလေ့ရှိတဲ့ လုယက်မှုတွေကတော့ ပိုမိုများပြားလာတာကို ပရိသတ်တွေလည်း သတိထားမိကြမယ်ထင်ပါတယ်။ အဆိုပါ လုယက်မှုတွေထဲမှာ အဖြစ်အများဆုံးဖြင့် လူသိများတဲ့မြို့ကြီးတွေထဲမှာ ရန်ကုန်မြို့ကတော့ ထိပ်ဆုံးကပါဝင်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၀ရက်နေ့မှာလည်း ဆိုင်ကယ်မစီးရနယ်မြေမှာ ဆိုင်ကယ်ဖြင့် ဆွဲကြိုးလုယက်မှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါဖြစ်စဉ်ကတော့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် လမ်း ၅၀ နှင့် ၄၉ လမ်းတွင် နံနက် ၈ နာရီအချိန်ဝန်ကျင်ခန့်ကတည်းက ဆိုင်ကယ်အနက်ရောင် (နံပါတ်ပါ၊ အမျိုးအစားမသိရ) ပတ်မောင်းနေပြီး ၈ နာရီ ၃၀ မိနစ်အချိန်တွင် အနော်ရထာလမ်းမှ ၄၉ လမ်းထဲသို့မောင်းဝင်၍ အသက် ၅၀ ကျော် အမျိုးသမီးတဦးထံမှ လော့ကတ်သီးပါ ရွှေ ၁ ကျပ်သားဆွဲကြိုးကို ဆွဲဖြုတ်လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ “ကျွန်တော်တို့ကတော့ CCTV မှတ်တမ်းတွေရရှိထားတယ်။ ပါသွားတဲ့ရွှေကတော့ ၁ ကျပ်သားကျော်ဆိုတော့ ကာလပေါက်ဈေးအရ ၁၀ သိန်းဝန်းကျင်ရှိမယ်။ ဆိုင်ကယ်မစီးရနယ်မြေမှာ ဆိုင်ကယ်စီးပြီး လုသွားတာတော့ မဖြစ်သင့်ဘူး။ ကျွန်တော်တို့အနေနဲ့ အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်အောင် စုံစမ်းစစ်ဆေးနေတယ်”ဟု ပုဇွန်တောင်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပြခဲ့ပါတယ်။ 

ဆွဲကြိုးလုယက်ခံရသူ အမျိုးသမီးမှ ပုဇွန်တောင်မြို့နယ်ရဲစခန်းတွင် တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး (ပ)၂၅၄ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ “ကျွန်တော်ကတော့ ‘လုပြေးတယ် သူခိုး သူခိုး’ဆိုပြီး အော်သံကြားတော့ ပြေးလိုက်တယ်။ တခြားသူတွေလည်း လိုက်ပေးကြတယ် မမီတော့ဘူး။ လမ်းပြောင်းပြန်ကို ပြန်မောင်းထွက်သွားတာ။ အစောထဲက လမ်းထဲမှာ ပတ်မောင်းနေတာ။ စည်ပင်လိုလို၊ နယ်ထိန်းလိုလို၊ EPC ကကောင်လိုလိုနဲ့ ပတ်မောင်းနေတာ။ လုပြီးပြေးသွားမှ သူခိုးမှန်းသိတော့တယ်”ဟု ဆိုက်ကားဆရာ ဦးမင်းမင်းက ပြောပြခဲ့ပါတယ်။ မကြာခဏဖြစ်ပေါ်လျှက်ရှိတဲ့ လုယက်မှုတွေကြောင့် ချစ်ပရိတသ်တွေလည်း သတိပြုသွားလာနိုင်ဖို့ရည်ရွယ်ပြီး ဒီကနေ့ ဖြစ်စဉ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။