အရည်အသွေးကောင်းမွန်ပြီး၊ ဈေးနှုန်းသက်သာတဲ့ 360-degree ကင်မရာတွေကြောင့် လူသိများတဲ့ Insta360 ကုမ္ပဏီဟာ One X ဆိုတဲ့ ကင်မရာအသစ်တမျိုးကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။ 5.7K ရုပ်ထွက်အရည်အသွေးအထိရှိတဲ့ 360-degree ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မယ့် VR ကင်မရာအမျိုးအစားဖြစ်ပါတယ်။ယခင် က Insta360 ကင်မရာတွေလို စမတ်ဖုန်းမှာ တပ်သုံးလို့ ရမှာမဟုတ်ဘဲ၊ သီးသန့် အသုံးပြုနိုင်အောင် ဒီဇိုင်း လုပ်ထားပါတယ်။ ကင်မရာရိုက်နေစဉ်မှာကော၊ ရိုက်အပြီးမှာပါ အသုံးပြုသူတွေကို ပိုမိုလွတ်လပ်စွာ ဖန်တီးနိုင်စွမ်းတွေ ပေးဖို့အတွက် ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

5.7K ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး၊ 4K နဲ့ 3K Resolution ဗီဒီယိုတွေကို 50fps နဲ့ 100fps နှုန်းတွေနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ဗီဒီယိုတွေအပြင် 18-megapixel JPEG နဲ့ DNG RAW ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်ပြီး အလင်းရောင်နည်းတဲ့ အချိန်မှာတောင် ကောင်းကောင်းရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။အသစ်ပါဝင်လာတဲ့ TimeShift လုပ်ဆောင်ချက်က ဗီဒီယိုအစိတ်အပိုင်းတွေရဲ့ Playback နှုန်းကို ပြန်ချိန်ညှိနိုင်ပြီး၊ အနှေးရိုက်ကွက် (Slow motion) တွေကနေ အမြန် Hyperlapses တွေအထိ စိတ်ကြိုက်ချိန်နိုင်ပါတယ်။ Bullet Time လုပ်ဆောင်ချက်ကလည်း မြင်ကွင်းပိုကျယ်လာပြီး၊ 3K Resolution အထိ ရိုက်နိုင်ပြီလို့ ဆိုပါတယ်။

ယခု Insta360 ဟာ One X အတွက် ‘Dart’ လို့ အမည်ပေးထားတဲ့ ဒုံးကျည်ပုံစံ Drifter တခုကိုလည်း ထုတ်လုပ်ထားပါတယ်။ One X ကင်မရာကို Dart မှာ တပ်ဆင်ပြီး၊ အဝေးကို ပစ်လွှတ်လိုက်ရင် သာမန်ပုံစံနဲ့ ရိုက်ကူးဖို့ ခက်ခဲတဲ့ မြင်ကွင်းတွေကို ဖမ်းယူနိုင်မှာပါ။Insta360 One X မှာ ဖိုင်တွေကူးဖို့အတွက် မြန်နှုန်းမြင့် 5.8GHz Wi-Fi ပါဝင်လာပြီး၊ HDR တွေလည်း ရိုက်ကူးနိုင်ပါတယ်။ Lightning/USB Type-C/micro-USB ကြိုးတွေ တပ်နိုင်ပြီး၊ ဖြုတ်တပ်နိုင်တဲ့ 1200mAh ဘက်ထရီလည်း ပါဝင်လာပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး၊ ဒေါ်လာ ၄၀၀ နဲ့ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရကြောင်းပါ ။

Source - Petapixel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။